DVB Logo
Home
မြန်မာသတင်း
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ထောင်ဒဏ် ၁၀ နှစ်ချ
DVB
·
November 29, 2023
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ထောင်ဒဏ် ၁၀ နှစ်ချ
Donate to DVB

ဦးသိန်းစိန် ခေါင်းဆောင်တဲ့ ကြံ့ခိုင်ရေးပါတီအစိုးရလက်ထက်က ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ဦးရဲထွဋ်ကို နိုဝင်ဘာ ၂၉ ရက် မနက်က အင်းစိန်ထောင်တွင်းတရားရုံးမှာ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တယ်လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အင်းစိန်အကျဥ်းထောင်ရှိ ထောင်တွင်းအထူးတရားရုံးမှာ ဒီကနေ့မနက်က ဦးရဲထွဋ်ကို ပုဒ်မ ၁၂၄(ဃ)၊ ပုဒ်မ ၅၀၅(က) တို့နဲ့ အလုံခရိုင်တရားသူကြီးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တာလို့ တရားလွှတ်တော်ရှေ့နေတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ပုဒ်မနှစ်ခုစလုံးက စစ်တပ်ကိုစော်ကားလို့ချတဲ့ ပုဒ်မတွေချည်းပဲ။ ရဲစခန်းမှာ ကနဦး အမှုဖွင့်တုန်းက ပုဒ်မ ၅၀၅(က) နဲ့ပဲဖွင့်တာ၊ စစ်ကြောရေးကနေ ပုဒ်မ ၁၂၄(ဃ) နဲ့ထပ်ဖွင့်တာ၊ တရားလိုက ရန်ကုန်တိုင်းစစ်ဌာနချုပ် စစ်ဦးစီး(ပထမတန်း)၊ အဲဒါကြောင့် ပုဒ်မ ၁၂၄(ဃ) ပါ ထပ်ကပ်တာ။ ပုဒ်မ ၅၀၅(က) နဲ့က ၃ နှစ်၊ ပုဒ်မ ၁၂၄(ဃ) နဲ့က ၇ နှစ်ချတာ။”

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို အလုံမြို့နယ် စောရန်ပိုင်အရှေ့ရပ်ကွက်က နေအိမ်မှာ အောက်တိုဘာ ၂၈ ရက် ညပိုင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဖမ်းဆီးပြီး အလုံမြို့မရဲစခန်းက (ပ) ၂၁၆/၂၀၂၃ ပုဒ်မ ၅၀၅(က) နဲ့ ကနဦးအမှုဖွင့်ကာ အင်းစိန်ထောင်မှာ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၃ ရက်က အလုံမြို့မရဲစခန်းမှာ ပုဒ်မ ၁၂၄(ဃ) နဲ့ စစ်ဦးစီးပထမတန်းက  ထပ်မံအမှုဖွင့်ခဲ့တာဖြစ်တယ်လို့ တိုင်းအစိုးရနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဦးရဲထွဋ်ဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ စစ်တပ်ကို ဝေဖန်ခဲ့တာအပြင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကို အားပေးထောက်ခံတာ၊ လသာမြို့နယ် အမှတ် ၂ ရပ်ကွက် အနော်ရထာလမ်းနဲ့ ၁၇ လမ်းထောင့်ရှိ ဖက်တီးမ ထမင်းကြော်ဆိုင် ပစ်ခတ်မှု ဖြစ်စဥ်မှာ အရာရှိတဦးကို လက်ထောက်ချခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။

ဦးရဲထွဋ်ဟာ စစ်တက္ကသိုလ်အပတ်စဉ် ၂၂ ဆင်း အရာရှိတဦးဖြစ်ပြီး ၁၉၇၇ ခုနှစ်အထိ စစ်တပ်မှာ ဒုတိယဗိုလ်မှူးကြီးအဆင့်နဲ့ အငြိမ်းစားယူခဲ့ကာ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှာ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာ ၂၀၀၉ ခုနှစ်မှာ ညွှန်ကြားရေးမှူးချုပ်အဖြစ် ရာထူးတိုးမြှင့်ခံရပါတယ်။

၂၀၁၂ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးဖြစ်လာပြီး ၂၀၁၄ ခုနှစ်မှာ ပြည်ထောင်စုဝန်ကြီး ဖြစ်လာခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013