DVB Logo
Home
မြန်မာသတင်း
ပိုင်ရှင်အသစ်ပြောင်းထားသည့် ဆီဒိုးနားဟိုတယ် ပြန်ဖွင့်မည်
DVB
·
November 29, 2023
ပိုင်ရှင်အသစ်ပြောင်းထားသည့် ဆီဒိုးနားဟိုတယ် ပြန်ဖွင့်မည်
Donate to DVB

ရန်ကုန်မြို့က ထင်ရှားတဲ့ ဟိုတယ်တခုဖြစ်တဲ့ ဆီဒိုးနားဟိုတယ်ကို ပိုင်ဆိုင်တဲ့ စင်ကာပူနိုင်ငံ အခြေစိုက် Keppel Corp လုပ်ငန်းစုက အပြီးသတ် ရောင်းချပြီးနောက်မှာ ပိုင်ရှင်အသစ်က ပြန်လည်ဖွင့်လှစ်သွားဖို့ရှိနေတယ်လို့ ဂျပန်အခြေစိုက် နီကေးအေးရှသတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ ဟိုတယ်ကို Keppel Corp လုပ်ငန်းစုက စင်ကာပူနိုင်ငံမှာ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်တဲ့ Spring Blossom Ventures လုပ်ငန်းစုဆီ အမေရိကန် ဒေါ်လာ ၅၇ ဒသမ ၄ သန်းနဲ့ လွှဲပြောင်းရောင်းချခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍမှာ ကိုဗစ်-၁၉ ကပ်ဘေးကြောင့်ရော ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က စစ်တပ်အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်းမှာပါ လုပ်ငန်းလည်ပတ်နိုင်ဖို့ စိန်ခေါ်မှုတွေနဲ့အတူ ဆက်တိုက်ရုန်းကန်နေကြရတဲ့ အခြေအနေနောက်ပိုင်း ခုလိုပြန်လည်ရောင်းချတာက Keppel ရဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းသစ်တွေ ရရှိစေဖို့ ဝင်ငွေရှာမှု အစီအစဉ်တွေနဲ့ ကိုက်ညီတယ်လို့လည်း ဆိုပါတယ်။

ခုတခါ ပြန်လည်ဖွင့်လှစ်မှုမှာတော့ အခန်းပေါင်း ၂၀၀ က စတင်ပြီးတော့ လည်ပတ်မှာ ဖြစ်ကာ ဆီဒိုးနားဟိုတယ်နာမည်နဲ့ပဲ ဆက်လက်ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ အရှိန်လျော့လာနေပေမယ့် နိုင်ငံရေး မတည်ငြိမ်မှုနဲ့အတူ နိုင်ငံခြားသားခရီးသွားတွေ ဝင်ရောက်မှု နည်းပါးတာကြောင့် တချို့သော ဟိုတယ်တွေကတော့ ခုချိန်ထိတိုင်အောင် ပိတ်ထားရဆဲ ဖြစ်ပါတယ်။

အခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ မြန်မာနိုင်ငံကို လေကြောင်းကနေ ခရီးသည် ၈၈၀,၀၀၀ ကျော် လာရောက်လည်ပတ်ခဲ့တယ်လို့ စစ်ကောင်စီထုပြန်ချက်ကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားပြီး အဲဒီထဲမှာ အိမ်နီးချင်းထိုင်းနိုင်ငံက အများဆုံးဖြစ်ကာ ရုရှားခရီးသည်တွေ လာရောက်မှုတွေလည်း တိုးလာခဲ့တယ်လို့ ဆိုပါတယ်။

ဆီဒိုးနားဟိုတယ်ကိုတော့ မြန်မာ့ခရီးသွားနှစ်စတင်ချိန် လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်ကတည်းက နိုင်ငံတကာအဆင့်မီ ကြယ်ငါးပွင့်အဆင့် ဟိုတယ်တခုအနေနဲ့ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ် ပါတယ်။

အဲဒီနောက်ပိုင်း ၂၀၁၅ ခုနှစ်မှာတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အရှိန်အဟုန်မြင့်လာဖို့ မျှော်မှန်းချက်ကြီးကြီးမားမားနဲ့ အခန်းအရေအတွက် ၈၀၀ နီးပါးအထိ တိုးမြှင့်တည်းခိုနိုင်မယ့် အဆောက်အအုံသစ်ကို ထပ်မံတိုးချဲ့ခဲ့တာ ဖြစ်ပါတယ်။

Source- Nikkei Asia

Photo Credit- Sedona Hotel

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013