DVB Logo
Home
မြန်မာသတင်း
တန့်ဆည်တွင် တိုက်ပွဲပြင်းထန်၊ မင်းရွာပျူစခန်းနှင့် ရေဦးမြို့နယ်က စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
DVB
·
November 29, 2023
တန့်ဆည်တွင် တိုက်ပွဲပြင်းထန်၊ မင်းရွာပျူစခန်းနှင့် ရေဦးမြို့နယ်က စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ကို နိုဝင်ဘာ ၂၈ ရက် ည ၁၁ နာရီကစတင်ကာ ဒီနေ့ နိုဝင်ဘာ ၂၉ ရက်အထိ ဒေသခံ ပြည်သူ့ကာကွယ်ရေးအင်အားစုက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့တွင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီ နမခစစ်တပ်ကနေ Mi35 နဲ့ လာရောက်ပစ်ခတ်တယ်လို့ ဆိုပါတယ်။

“မနေ့ည ၁၁ နာရီခွဲကတည်းက တိုက်ပွဲစဖြစ်တာ။ မြို့ထဲလူတွေကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့ တိုက်ပွဲကတည်းက မြို့ထဲကနေ ထွက်ပြေးနေကြတာ။ ကျန်တဲ့သူတွေကတော့ ညတိုက်ပွဲစဖြစ်ကတည်းက မြို့ပြင်ထွက်ပြေးကြတယ်။ ပိတ်မိသူအနည်းငယ်တော့ ရှိနိုင်တယ်။ အခုထိတော့ တိုက်ပွဲက မပြီးသေးတော့ မြို့တွင်းအခြေအနေ ဘာမှမသိရနိုင်သေးဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

တန့်ဆည်မြို့ကို ပြည်သူ့ကာကွယ်ရေးဘက်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်ကလည်း တကြိမ် မြို့သိမ်းတိုက်ပွဲအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ထွေအုပ်ရုံးနဲ့ ဝန်ထမ်းအိမ်ရာတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“အခုဟာက ရဲစခန်းနဲ့ ဘောလုံးကွင်းမှာ တပ်စွဲထားတဲ့ စစ်သားတွေကို ထပ်တိုက်နေကြတာပါ။ မနက်ခင်းအစောပိုင်းမှာ ဘောလုံးကွင်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို ကာကွယ်ရေးတပ်ဘက်က ရထားပြီးပြီဗျာ။ မြို့ကတော့ သိမ်းနိုင်ဖို့ရာ သေချာသလောက်ရှိနေပြီ” လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီအထိုင်ချ လွှမ်းမိုးထားတဲ့ မြို့တွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မြို့သိမ်းတိုက်ပွဲတွေ ပြုလုပ်နေပြီး နိုဝင်ဘာလအတွင်း ကလေး၊ တမူး၊ ကောလင်း စတဲ့မြို့က စစ်ကောင်စီအထိုင်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုတ်စီရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကိုလည်း နိုဝင်ဘာ ၂၈ ရက် ညနေ ၃ ခွဲလောက်မှာ ဒရုန်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

ရွှေဘိုခရိုင် အမှတ်-၁၄ တပ်ရင်း၊ YE-U People’s Defence Force (ဒရုန်းတပ်စု) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ရွှေဘိုခရိုင် တပ်ရင်း-၁၄ ရဲ့ တာဝန်ရှိသူ တပ်ရင်းမှူး ကိုဇွဲက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ Fix Wings (မောင်းသူမဲ့လေယာဉ်ငယ်) ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်ဗျ။ ဒရုန်းယာဉ် အရေအတွက်ကတော့ ဖော်ပြလို့မရလို့ပါ။ ဗုံးသီးအနေနဲ့ကတော့ ၆ လုံးချ တိုက်ခိုက်တာပါ။ ရွာကလည်းကျယ်တော့ (-) တွေ ရှိနိုင်မယ့် နေရာတွေကို အပေါ်ကနေ ကြည့်ပြီး လိုက်ချခဲ့ရတယ်။ ရွာသားတွေကတော့ စစ်ကောင်စီလာကတည်းက အကုန်ထွက်ပြေးနေကြတာဆိုတော့ ရွာသားထိခိုက်မှုတော့ မရှိဘူးဗျ။ စစ်ကောင်စီ အကျအဆုံးကတော့ စုံစမ်းနေဆဲပါပဲ။”

မုတ်စီရွာကို တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့လပိုင်းက ရေဦးနဲ့ ဒီပဲယင်းမြို့တို့ကို အကြိမ်ကြိမ် စစ်ကြောင်းထိုးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာလည်း နိုဝင်ဘာ ၂၇ ရက် မနက်က မင်းရွာပျူစောထီးစခန်း တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရသူ ရှိနိုင်တယ်လို့ မြင်းခြံကျားနက်တပ်ဖွဲ့ MBT ကနေ သိရပါတယ်။

ရေစကြိုမြို့နယ်၊ မင်းရွာပျူစောထီးစခန်းကို နိုဝင်ဘာ ၂၇ ရက် မနက် ၆ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းကာ စစ်ကြောင်း ၃ ကြောင်းခွဲပြီး မြေပြင်နဲ့ ဝေဟင် တိုက်ခိုက်ခဲ့တယ်လို့ MBT တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဒီဗွီဘီကို ပြောပါတယ်။

နှစ်ဖက် အပြန်အလှန်ထိတွေ့တိုက်ပွဲ ၄ နာရီလောက်ကြာအောင် ဖြစ်ပွားခဲ့ကာ ရွာနားကို ကပ်ခါနီးမှ ခဲယမ်းမလုံလောက်တော့တာကြောင့် စခန်းမသိမ်းနိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို MBT တပ်ဖွဲ့၊ BSG၊ PPGF နဲ့ RBDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013