
ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် ရခိုင်ပြည်သူလူထုအနေနဲ့ စစ်အာဏာရှင်ကို အပြီးသတ် တိုက်ထုတ်ပေးဖို့ လိုလားနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီအနေနဲ့ တာဝန်ရှိတဲ့သူတွေကိုသာ တိုက်ခိုက်စေချင်ပြီး ပြည်သူတွေကို ထိခိုက်နစ်နာအောင် အခုလို တိုက်ခိုက်နေတာကတော့ အင်မတန်မှ ဆိုးရွားတဲ့ လုပ်ရပ်တခု ဖြစ်တယ်လို့ ရသေ့တောင်မြို့ ဒေသခံအမျိုးသမီးတယောက်က ပြောပါတယ်။
ပြည်သူလူထုအနေနဲ့ စစ်ကောင်စီရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံရတာ အကြိမ်ကြိမ်အခါခါ ရှိနေပြီဖြစ်လို့ နောက်နှစ်တွေမှာ အခုလိုအဖြစ်မျိုးတွေ မကြုံတွေ့ရအောင် စစ်ကောင်စီတပ်ကို အပြီးသတ် တိုက်ထုတ်ပေးစေချင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ အေအေတို့ ဖြစ်ပွားနေတဲ့ အခင်းအကျင်းဟာ လက်နက်ကိုင်အချင်းချင်း ဖြစ်ပွားနေတာထက် စစ်ကောင်စီဘက်က ပြည်သူတွေရဲ့ နေအိမ်တွေ၊ အဆောက်အဦတွေ၊ စျေးတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေတာကို မျက်ဝါးထင်ထင် မြင်တွေ့နေရတယ်လို့ ပုဏ္ဏားကျွန်းမြို့ ဒေသခံတယောက်က ပြောပါတယ်။
ပြည်သူလူထုအနေနဲ့လည်း နှစ်စဥ်နှစ်တိုင်း စစ်ဘေးစစ်ဒဏ်ကို အလူးအလဲ ခံစားခဲ့ရကာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရပြီး စားဝတ်နေရေးခက်ခဲတဲ့ ပြဿနာတွေကို မခံစားချင်တော့ဘူးလို့ ဆိုပါတယ်။
စစ်ပွဲတခုဖြစ်လာရင် တဖက်ကနိုင်မှ အပြီးသတ်မှာဖြစ်လို့ အေအေအနေနဲ့ စစ်ကောင်စီတပ်ကို အပြီးသတ် မောင်းထုတ်နိုင်မှ အေအေးချမ်းချမ်းနေရမယ့်ဘဝမျိုးကို လိုလားတောင့်တနေကြပြီလို့ ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့ဒေသခံ ပြည်သူတဦးက “ကျနော်တို့ပြည်သူတွေအနေနဲ့ လက်ရှိ ဘယ်လိုပဲ နေရနေရ နောက်ထပ် ဘယ်လိုအန္တရာယ်တွေပဲ ဖြစ်ဖြစ် ပြည်တွေအနေနဲ့ အသက်ပေးပြီးတော့ ဒီအနေအထားတခုကိုရဖို့ ပေးဆပ်ရမယ်ဆိုရင်လည်း ပေးဆပ်လိုက်ရပါစေ။ နောက်ထပ်ကြုံလာမယ့် အခက်ခဲတွေကို မလိုချင်တော့ဘူး” လို့ ပြောပါတယ်။
မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက “စစ်ကောင်စီဟာ ရခိုင်ပြည်နယ်တောင်ပိုင်းက မြို့တချို့မှာ ULA/AA အလိုမရှိဆိုတဲ့စာတွေ ရေးသားကာ ပြည်သူ့အသံပုံစံမျိုး ပုံမှားရိုက်ပြီး လိုက်ကပ်တာတွေ ပြုလုပ်ခဲ့ပေမဲ့ ပြည်သူတွေကတော့ စာတွေကို ဆုတ်ဖြဲပစ်ကြတယ်” လို့ ပြောပါတယ်။
ဒါဟာ စစ်ကောင်စီဘက်က ဝါဒဖြန့်ချိရေးလုပ်ရပ် သက်သက်သာဖြစ်ပြီး တကယ်လို့သာ ပြည်သူတွေက ဘယ်သူ့ကို မလိုလားတာလဲ ဆိုတာကို သတ္တိရှိရင် စစ်ကောင်စီအနေနဲ့ ရခိုင်တပြည်နယ်လုံး မဲပုံးထောင်ပြီး ဆန္ဒခံယူပွဲ လုပ်လိုက်လို့ ပြောချင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ သူတို့စစ်ရှုံးတိုင်း ဖြတ်လေးဖြတ်ဗျူဟာကို အသုံးပြုကာ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာဟာ ပြည်သူလူထုအနေနဲ့ စစ်ကောင်စီကို နာကြည်းမုန်းတီးပြီး ပြည်သူတွေအနေနဲ့ ရက္ခိုင့်တပ်တော်ဘက်ကို ဝင်ရောက်ဖို့ တွန်းအားပေးသလို ဖြစ်နေတာကြောင့် စစ်ကောင်စီဟာ ကိုယ့်သေတွင်းကို တူးနေတာပဲလို့ ဦးဖေသန်းက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်နယ်အတွင်းမှာ နိုဝင်ဘာ ၁၃ ရက်က တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် ကုန်းလမ်း၊ ရေလမ်းတွေ ခရီးသွားလာခွင့် ဖြတ်တောက်ထားတဲ့အပြင် ပြည်သူလူထုကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နေ့စဥ်ရက်ဆက် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့လို့ အပြစ်မဲ့ ပြည်သူတွေ အများအပြား သေဆုံး ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။