DVB Logo
Home
မြန်မာသတင်း
မူဆယ် ၁၀၅ မိုင်ရှိ လျှပ်စစ်ပစ္စည်းဂိုဒေါင် ဒရုန်းကျည်ထိမှန် မီးလောင်၊ လေကြောင်းပစ်ခတ်မှု ကြောင့် ဒေသခံ ၃ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ
DVB
·
November 28, 2023
မူဆယ် ၁၀၅ မိုင်ရှိ လျှပ်စစ်ပစ္စည်းဂိုဒေါင် ဒရုန်းကျည်ထိမှန် မီးလောင်၊ လေကြောင်းပစ်ခတ်မှု ကြောင့် ဒေသခံ ၃ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ
Donate to DVB

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးက Juction River ကုမ္ပဏီပိုင် လျှပ်စစ် ဂိုဒေါင် နိုဝင်ဘာ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ စစ်ကောင်စီနဲ့ မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုတို့ အကြား တိုက်ပွဲပြင်းထန်နေချိန် ဒရုန်းကျည် ကျရောက် ထိမှန် မီးလောင်သွားကြောင်း နယ်စပ် ကုန်သည် လုပ်ငန်းရှင်တွေက ပြောပါတယ်။

"ကျနော်တို့ ဂိုဒေါင် ဟုတ်ပါတယ်။ မီးလောင်နေတဲ့ ကြားကိုမှ ဒရုန်းနဲ့ကို ကျနော်တို့ ဂိုဒေါင် တည့်တည့်ကို လောင်နေတဲ့ ကြားကို နောက်တလုံး ထပ်ပစ်ချသွားတယ်။ ဒရုန်းနဲ့ နောက် တလုံးကို ထပ်ပစ်ချသွားတယ်ဗျ။ ဘာဆိုင်လို့လဲဗျာ။ ကျနော်တို့ ဂိုဒေါင် ဘာအပြစ်ရှိလို့ လုပ်ရတာလဲ။ လောင်နေရင်းနဲ့ နောက်တလုံးကျတာ တံခါးကြီးပါ ပွင့်ထွက်သွားတယ်" လို့ ဂိုဒေါင်ပိုင်ရှင်က ပြောပါတယ်။

အပေါ်မှာ ဒရုန်းတွေ ပျံဝဲနေတာကြောင့် သွားကြည့်ဖို့ အဆင်မပြေဘဲ ဒရုန်းတွေ ပြန်သွားမှ သွားလို့ ရခဲ့တယ်လို့ သူက ပြောပါတယ်။

မူဆယ်၊ နမ့်ခမ်း၊ ပန်ဆိုင်းမြို့တွေမှာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီပိုင် ဂိုဒေါင် မီးလောင်သွားတာလို့ နယ်စပ်ကုန်သည် လုပ်ငန်းရှင်တဦးက ပြောပါတယ်။

"ပြည်သူတွေရဲ့ ပစ္စည်းကို သူတို့ အဲလို မလုပ်သင့်ဘူး။  ဘယ်လက်နက်ကိုင် ဖြစ်ဖြစ် အရပ်သား ပြည်သူတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ပျက်စီးစေတာမျိုး မဖြစ်သင့်ဘူး။” 

မူဆယ် ၁၀၅ မိုင်မှာ နိုဝင်ဘာ ၂၇ ရက် ညနေ ၅ နာရီလောက်ကလည်း လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ် အပါအဝင် ဒေသခံ ၃ ဦး သေဆုံးပြီး ၅ ဦး ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက  "ခြေပြတ်၊ လက်ပြတ်၊ အူထွက် ၂ ယောက် သေတယ်။ ၇ နှစ်အရွယ် ကလေးက ခု မနက် ၂ နာရီ ခွဲကျော်မှာ ထပ်ဆုံးသွားတယ်" လို့ ပြောပါတယ်။ 

သေဆုံးသူ ၃ ဦးနဲ့ ဒဏ်ရာပြင်းထန်သူ ၄ ဦးက ၁၀၅ မိုင် ကနေ တုံခန်ဘက်အဆင်းက နမ္မတူ နွားခြံ ကဖြစ်ပြီး ကျန်ဒဏ်ရာရ အမျိုးသမီး ၁ ဦးကတော့ မူဆယ်ဘက် စစ်ရှောင်လာတာလို့ ဒေသခံ တဦးက ပြောပါတယ်။  

"ကျနော်တို့ အိမ်နားရှေ့က အိမ်မှာကျတော့ တယောက်ထိသွားတယ်၊ ဗိုက်နား။ အစက ရုတ်တရက် ရှောင်ဖို့ အစီအစဉ်မရှိဘူး။ အိမ်နား လက်နက်ကြီးကျလာတော့ ကြောက်လန့်ပြီး ပြေးလာခဲ့တာ။" 

စစ်ကောင်စီက နိုဝင်ဘာ ၂၆ ရက်က ၁၀၅ မိုင် ဘုရားကုန်းဘက်မှာ ၃ ကြိမ်၊ ၁၀၅ မိုင်အထွက် ယူကလစ်တောနား ၂ ကြိမ်၊ ဝေဠုဘက် ၁ ကြိမ် လေယာဉ်နဲ့ ဗုံးကြဲတဲ့အပြင် ညနေ ၄ နာရီလောက်မှာလည်း ဖရဲကွင်းနောက်နားက ဝေဠုရွာဘက်မှာ လေယာဉ်နဲ့ နောက်ထပ် ၂ လုံး ကြဲချသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 ဒေသခံနောက်တဦးက "အုတ်စက်နားမှာလည်း တလုံးကျတယ်။ မကွဲဘူး" လို့ ပြောပါတယ်။ 

စေတီကုန်းဘက်ကိုတော့ ပြီးခဲ့တဲ့ရက်ပိုင်းက မဟာမိတ် တပ်ပေါင်းစုက သိမ်းလိုက်ပြီး ကုန်သွယ်ရေးဇုန်နားက စစ်တပ်ကုန်းနဲ့ ဟိုဘက်ကုန်း၊ ဒီဘက်ကုန်း ပစ်နေကြတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် နိုဝင်ဘာ ၂၆ ရက် မနက် ၁၀ နာရီလောက်ကစ မူဆယ် - လားရှိုး  ကုန်သွယ်ရေး လမ်းမပေါ်ရှိ ၁၀၅ မိုင်နဲ့ နမ့်အွမ်ကြားက နမ့်ပေါ်တံတားရှိ ‌စစ်ကောင်စီ စစ်ဆေးရေးဂိတ် စခန်းကို မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုတို့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးနောက်ဆက်တွဲအဖြစ် နိုဝင်ဘာ ၂၅ ရက်မှာတော့ MNDAA က  မူဆယ်၊ ကျင်စန်းကျော့ နယ်စပ်ဂိတ်အပါအဝင် တရုတ် - မြန်မာ နယ်စပ်ဂိတ်တွေဖြစ်တဲ့ မုံးကိုး၊ ပန်ဆိုင်း၊ ကျင်စန်းကျော့၊ ချင်းရွှေဟော် နယ်စပ်ဂိတ်တွေကို သိမ်းပိုက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013