DVB Logo
Home
မြန်မာသတင်း
မြောက်ဦး၊ စစ်တွေနှင့် ဘူးသီးတောင်တွင်  စစ်တပ်လက်နက်ကြီးကြောင့် ပြည်သူ ၄ ဦး၊ ၁၁ ဦး ဒဏ်ရာရ
DVB
·
November 28, 2023
မြောက်ဦး၊ စစ်တွေနှင့် ဘူးသီးတောင်တွင်  စစ်တပ်လက်နက်ကြီးကြောင့် ပြည်သူ ၄ ဦး၊ ၁၁ ဦး ဒဏ်ရာရ
Donate to DVB

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ နိုဝင်ဘာ ၂၇ ရက်ညမှာ စစ်တပ်က ပစ်ခတ်တာကြောင့် ပန်းဖဲတန်းရွာနေ မိန်းကလေးတယောက် သေဆုံးခဲ့တယ်လို့  ဒေသခံတယောက်က ပြောပါတယ်။

မြောက်ဦးမြို့နယ် အခြေစိုက် ခလရ ၃၇၉ က နိုဝင်ဘာ ၂၇ ရက် ည ၈ နာရီကျော်လောက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပန်းဖဲတန်းရွာနေ အသက် ၁၆ နှစ်အရွယ် မချိုချိုဟာ သေနတ်ကျည် ၂ ချက်ထိမှန်ပြီး ​မြောက်ဦးဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေစဥ် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီတပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကိုလည်း နေ့စဥ်ရက်ဆက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေကြတယ်လို့ ဒေသခံက ပြောပါတယ်။

“သူတို့ကတော့ ပြည်သူတွေကို ဒီလိုလုပ်လိုက်ရင် အကြောက်တရားဝင်ပြီး ရက္ခိုင့်တပ်တော် အေအေဘက်က တိုက်ပွဲတွေ ရပ်သွားမယ် ထင်ရင်ထင်ကြမှာပေါ့။ ဒါပေမယ့် ကျနော်တို့က ဘယ်တော့မှ သွေးကြောင်မှာ မဟုတ်ဘဲ အခက်အခဲဆုံး အခြေနေတွေကို ရင်ဆိုင်ကျော်ဖြတ်ဖို့ အဆင်သင့်ပဲ။”

စစ်တွေမြို့နယ် ကျားမသောက်အခြေစိုက် စစ်ကောင်စီ (BEME) တပ်ကလည်း နိုဝင်ဘာ ၂၇ ရက် ညနေ ၄ နာရီလောက် ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် တောကန်ကျေးရွာမှာ ပေါက်ကွဲပြီး လူ ၅ ဦး ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ကျားမသောက်ကျေးရွာနားက BE တပ်က ဒရုန်းနဲ့လက်နက်ကြီးသွားချတာပါ။ တောကန်ရွာမှာ ကလေးတွေ အပါအဝင် ၅ ဦး ဒဏ်ရာရတယ်လို့ သိရတယ်။ တောကန်နဲ့ အနီးဆုံးက ဝါဘိုကျေးရွာပါ။ မနေ့က ဝါဘိုရွာမှာလည်း လက်နက်ကြီး ၂ လုံး ကျခဲ့ပါသေးတယ်။ အခုတော့ ရွာတွေကတော့ စိုးရိမ်ပြီး ထွက်ပြေးနေကြရတယ်။" 

တောကန်ကျေးရွာမှာ အိမ်ခြေ ၂၀၀ ခန့်၊ လူဦးရေ ၁၃၀၀ ခန့် နေထိုင်နေကြပြီး ဒဏ်ရာရရှိသူတွေကတော့ မောင်ထက်သူရ (၁၀) နှစ်၊ မောင်ဖြိုးဝေမောင် (၁၄) နှစ်၊ မမခင်ဖြိုး (၂၇) နှစ်၊ မနွယ်မာစိုး (၂၅) နှစ် နဲ့ အမည်မသိသူ တယောက် ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တွေ-ရန်ကုန်ကားလမ်းရှိ ကျောက်တန်းချေစစ်ဆေးဂိတ်မှာ စစ်ကောင်စီက လက်ရှိ လက်နက်ကြီး အထိုင်စခန်းချထားပြီး နေခင်းဘက် အင်အား ၂၀ လောက်သာ ရှိပေမဲ့ ညဘက် အင်အားရာချီ ချထားကာ ကျောက်တန်ချေကျေးရွာအား ဦးတည်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ကျနော်တို့ရွာကို ကျောက်တန်ချေတံတားကနေ ပစ်နေတာ၊ ထိသူသေပေါ့။ ဘာ အသက်အာမခံချက်မှမရှိဘဲ နေထိုင်နေကြရတာ" လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီ ပါတလိပ် ၃၄၄ တပ်ရင်း၊ အာဂိတ်တော်ကုန်းရှိ ရဲတပ်ရင်း ၁၂ နဲ့ ကျောက်တန်းချေ လက်နက်ကြီး အထိုင်စခန်းတွေကနေ စစ်တွေမြို့နယ်ရှိ ကျေးရွာတွေကို လက်နက်ကြီး ပစ်ခတ်နေသလို ပေါက်တောနဲ့ ပုဏ္ဏားကျွန်းမြို့တွေကိုလည်း လှမ်းပြီးပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ ကြက်မောက်တောင်ကျေးရွာမှာလည်း နိုဝင်ဘာ ၂၇ ရက် ညနေ ၄ နာရီလောက်က စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံ ၃ သေဆုံးပြီး ၆ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ညနေပိုင်းမှာ လက်နက်ကြီးကျတာပါ၊ ဒေသခံ ၃ ဦးသေသွားတယ်၊ ၆ ဦးဒဏ်ရာရတယ်။ အခုတော့ အားလုံး ဘူးသီတောင်ဆေးရုံမှာပါ။ စစ်တပ်က အကုန်လုံးပိတ်ထားတယ်။ ဓာတ်ပုံလည်း ရိုက်မရဘူး၊ မေးလိုလည်း မရဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။

လက်နက်ကြီးကြောင့် ကြက်မောက်တောင် (ခ) ဝါရှီးလားကျေးရွာမှ ဟာဖေဇာဟာတူ (အသက် ၆၈ နှစ်)၊ အာရော်ဖုလ္လာဟ် (၆ နှစ်) နဲ့ အာဂျီဒါ (၈ နှစ်) တို့ သေဆုံးခဲ့ပြီး ဆော်မီအုလ္လာ၊ မူဂျိပ်ခါန်း၊ အာယုပ်ဟာဆောင်း၊ အေနာမုလ္လာ နဲ့ ဂျူဟာရာအပါအဝင်  ကလေး ၂ ဦး စုစုပေါင်း ၆ ဦး ဒဏ်ရာရခဲ့ကာ ဘူးသီးတောင်မြို့ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က "စိုက်ခင်းတွေမှာ ဆောင်းသီးနှံတွေ စိုက်ပျိုးဖို့ ထွန်ယက်နေကြတာပါ။ ညနေ ၄ နာရီလောက်မှာ အမှတ် ၅၆၅ တပ်ရင်းမှ လက်နက်ကြီးတွေ ပစ်ခတ်တာ။ တလုံးနှစ်လုံးဆိုရင် မတော်တဆပြောလို့ ရတာပေါ့ဗျာ။ အခုက ကျေးရွာကိုချည်းထိအောင် ပစ်တော့ ၃ ဦးသေဆုံးပြီး ၆ ဦး အရေးပေါ်ဆေးကုသမှု ခံယူနေကြရတယ်။ စိုးရိမ်ရတဲ့သူ ၂ ယောက်ရှိတယ်” လို့ ပြောပါတယ်။

ကြက်မောက်တောင် မွတ်ဆလင်ကျေးရွာမှာ အိမ်ခြေ ၃၀၀ ခန့်၊ လူဦးရေ ၃၀၀၀ ကျော် နေထိုင်နေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက် ညကလည်း ဘူးသီးတောင်မြို့နယ်၊ ခမရ (၃၇၈) ဗျူဟာတပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေး ၂ ဦး ဒဏ်ရာရခဲ့သလို နိုဝင်ဘာ ၁၆ ရက်ကလည်း စစ်တပ်ထောင်ထားတဲ့ မိုင်းနင်းမိပြီး တပ်မင်းချောင်းကျေးရွာက ကလေးငယ်တဦး သေဆုံး​ခဲ့ရပါတယ်။

စစ်ကောင်စီက ရခိုင်ပြည်နယ်မှာ တိုက်ပွဲမဖြစ်ဘဲ မြို့၊ ကျေးရွာ တွေကို လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်နေတာကြောင့် နေအိမ်တွေပျက်စီးတာ၊ အရပ်သားတွေ ထိခိုက်သေဆုံးတာတွေ နေ့စဥ်လို ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း နိုဝင်ဘာ ၁၃ ရက်နောက်ပိုင်းကစလို့ စစ်တပ်နဲ့ ရခိုင်တပ်တော်တို့ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး  ကုန်းလမ်းနဲ့ ရေလမ်းအားလုံးကို ပိတ်ထားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013