အစ္စရေးနဲ့ ဟားမတ်စ် အရေးကိစ္စနဲ့ပတ်သက်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပဖို့ နိုဝင်ဘာ ၂၉ ရက်မှာ အမေရိကန်နိုင်ငံ နယူးယောက်မြို့ဆီ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သွားရောက်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။
ဆော်ဒီအာရေးဗျ၊ ဂျော်ဒန်၊ အီဂျစ်၊ အင်ဒိုနီးရှား၊ ပါလက်စတိုင်း အာဏာပိုင်တွေနဲ့ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့က တာဝန်ရှိသူတွေဟာ တရုတ်နိုင်ငံရဲ့ ထိပ်တန်းသံတမန် ဝမ်ယိနဲ့ နိုဝင်ဘာ ၂၀ ရက်က တရုတ်မြို့တော် ပေကျင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ရန်လိုတာတွေ စတင်ချိန်ကစပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ဟားမတ်စ်ကို မရှုတ်ချဘဲ တင်းမာမှုတွေ လျှော့ချဖို့နဲ့ လွတ်လပ်တဲ့ ပါလက်စတိုင်းအတွက် “နှစ်နိုင်ငံ ဖြေရှင်းချက်” ကို ဆက်ဆောင်ရွက်ဖို့ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကို တောင်းဆိုခဲ့ပါတယ်။
ဟားမတ်စ်ဟာ အောက်တိုဘာ ၇ ရက်က အစ္စရေးကို အငိုက်ဖမ်း တိုက်ခိုက်ခဲ့လို့ လူ ၁,၂၀၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။
လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းကနေ ချေမှုန်းပြီးတဲ့နောက် နယ်မြေကို ဝိုင်းရံထားပြီး မြေပြင်ထိုးစစ်ကို စတင်ခဲ့တာပါ။
ဒါကြောင့် နယ်မြေအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေကို တကမ္ဘာလုံးက သတိပေး နှိုးဆော်ထားပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား လေးရက်ကြာ အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးဖို့ အီဂျစ်၊ ကာတာနဲ့ အမေရိကန်နိုင်ငံတို့က တိုက်တွန်းထားပါတယ်။
ဟားမတ်စ်တွေက လွှတ်ပေးဖို့ ကနဦး သဘောတူထားတဲ့ ဓားစာခံ အယောက် ၅၀ အပြင် နောက်ထပ် ၁၀ ယောက် ထပ်တိုးလွှတ်ပေးတိုင်း တရက်ပိုပြီး အပစ်အခတ် ရပ်စဲပေးမယ်၊ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပြီးဆုံးရင်တော့ ဆက်ပြီး စစ်တိုက်မယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို ပြောထားပါတယ်။
သောကြာနေ့ကစတဲ့ အပစ်အခတ် ရပ်စဲရေးအတွင်း အစ္စရေးဓားစာခံ ၅၈ ယောက်ကို ဟားမတ်စ်တွေက ပြန်လွှတ်ပေးခဲ့ပြီး ပါလက်စတိုင်းအကျဉ်းသား ၁၁၇ ယောက်ကို အစ္စရေးထောင်တွေကနေ ပြန်လွှတ်ပေးခဲ့ပါတယ်။
Source/Photo-Reuters