
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောကျေးရွာမှာ ဇွန် ၃၀ ရက် ညနေပိုင်းက ရွာခွဲလိုင်းတွေ တက်ရောက်ပြင်ဆင်တဲ့ လျှပ်စစ်ဝန်ထမ်း တယောက် ဓာတ်လိုက် သေဆုံးသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။
ကျေးရွာလျှပ်စစ်ဝန်ထမ်းတယောက်နဲ့ အကူဝန်ထမ်းတယောက်တို့ ဓာတ်လိုက်ပြီး ဝန်ထမ်းဖြစ်သူကတော့ နေရာတင်မှာ သေဆုံးကာ အကူဝန်ထမ်းကတော့ အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ရွာခံတယောက်က “ရွာခွဲလိုင်းတွေ တက်ပြင်နေတုန်း ဖြစ်သွားတာ။ ၂ ယောက် တက်ပြီး ပြင်နေကြတာပဲ။ တယောက်က အောက်ပြုတ်ကျတာ၊ တယောက်ကတော့ အပေါ်မှာပဲ သေဆုံးသွားတာ” လို့ ပြောပါတယ်။
ဓာတ်လိုက်ပြုတ်ကျခဲ့သူကို အရေးပေါ် ကုသပေးနေရပြီး သေဆုံးသူကို ဓာတ်တိုင်ပေါ်က ခက်ခက်ခဲခဲ ချခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ဝက်လက်မြို့နယ်အတွင်းမှာ စစ်အာဏာရှင်တပ်က တနှစ်ခန့် လျှပ်စစ်မီးဖြတ်တောက်ထားခဲ့ပြီး ပြီးခဲ့တဲ့ မေလကမှ လျှပ်စစ်မီး ပြန်ပေးခဲ့တာ ဖြစ်ပါတယ်။











