DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်က အင်အားတိုးချနေ
DVB
·
November 27, 2023
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်က အင်အားတိုးချနေ
Donate to DVB

နိုဝင်ဘာ ၂၇ ရက်နေ့ တနိုင်ငံလုံးစစ်ဆင်ရေးအရှိန်မြှင့်စတင်မယ်လို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ကြေညာချက်ထားပြီးနောက် စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ တပ်သားတိုးချနေတယ်လို့ ဒေသခံ PDF ခေါင်းဆောင်တွေက ပြောပါတယ်။ 

မြန်မာပြည်မြောက်ပိုင်းက အင်အားတချို့ကို စစ်ကိုင်းဘက် ရွှေ့ပြောင်းတာလို့ ယူဆရပြီး ရဟတ်ယာဉ်နဲ့ရွှေ့တာဖြစ်တဲ့အတွက် အင်အားအတိအကျကိုတော့ ခန့်မှန်းဖို့ ခက်တယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူ ဗိုလ်ဇီးရိုးက ပြောပါတယ်။

“သူတို့ပြောတဲ့ ၂၇ ရက်နေ့လှုပ်တာနဲ့ ကျနော်တို့လည်း လှုပ်ဖို့ အရန်သင့်ရှိနေတာပေါ့နော်။ မြေပြင်မှာ တခြားအဖွဲ့တွေအနေနဲ့လည်း အရန်သင့်ပြင်ထားသင့်တယ်၊ သတိထားသင့်တယ်။ အပေါ်အင်အားတွေကို ထုတ်နုတ်ပြီးတော့ မြေပြင်မှာ မသိမသာ ရဟတ်ယာဉ်တွေနဲ့ ချတာတွေရှိတယ်။ စစ်ကိုင်းတို့ ဘာတို့ဆိုရင် ချပြီ။ သူတို့က မသိမသာ အင်အားတွေကို မြေပြင်ကလာတာ မဟုတ်တဲ့အတွက် အများကြီးတိုးချဲ့လာတာ ရှိနိုင်တယ်။ အဲ့ဒီအတွက်ကို အားလုံးပြင်ဆင်ပြီးတော့ စစ်ရေးဘက်ကို အာရုံလေးစိုက်ပြီးတော့ လုပ်စေချင်တယ်။ လုပ်လာတာလည်း ရှိကောင်းရှိမှာပေါ့။ ဒီအချိန်လေး ကျနော်တို့ ဖိဖိစီးစီး လုပ်လိုက်လို့ရှိရင် မကြာသောကာလမှာ အောင်မြင်မှုပန်းတိုင်ကို လုံးဝရမှာဖြစ်တဲ့အတွက် ကျနော်လည်း ပြင်ဆင်ထားသလို အားလုံးလည်း ပြင်ဆင်ကြဖို့ နှိုးဆော်ပါတယ်ဗျ။”

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် စစ်ကိုင်းတိုင်းမှာလည်း တပြိုင်တည်း ထိုးစစ်ဆင်နိုင်ဖို့ PDF ရဲဘော်တွေကို နိုဝင်ဘာလဆန်းကတည်းက ဗျူဟာနဲ့ ကျင့်ဝတ်ရေးရာ မွမ်းမံသင်တန်းတွေ ပေးခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း-၁၁ တာဝန်ရှိသူက ပြောပါတယ်။

“စစ်နည်းဗျူဟာတွေပေါ့နော်။ တိုက်စစ်ဆို ဘယ်လိုတိုက်ရမယ်။ ခံစစ်ဆို ဘယ်လိုခံရမယ်။ ခွာစစ်ဆို ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အပိုင်းတွေကို အဓိကထားပြီးတော့ လက်တွေ့သင်တာဗျ။ စစ်ရေးအရှိန်မြှင့်လာတဲ့ ဗျူဟာပိုင်းတွေက တကယ်ကို စစ်ပုံကျဖို့ အင်မတန်အရေးကြီးတယ်။ အမိန့်ပေးကွပ်ကဲမှုစနစ်တွေ နားလည်တတ်ကျွမ်းထားဖို့ အရေးကြီးတယ်။ ၁၁ လပိုင်း ၃ ရက်နေ့မှာ သင်တန်းစတယ်၊ ၂၆ ရက်နေ့မှာ သင်တန်းဆင်းတယ်။ ဒီအတောအတွင်းမှာ ပုလဲမြို့သိမ်းတိုက်ပွဲကို ဒီရဲဘော်တွေ ခေါ်ယူပြီးတော့ အသုံးပြုခဲ့တာဖြစ်တယ်။”

ရှမ်း-တရုတ်နယ်စပ်ကနေ စတင်ခဲ့တဲ့ မြောက်ပိုင်းသုံးဖွဲ့ရဲ့ စစ်ဆင်ရေးဟာ မန္တလေးတိုင်း အနီးဝန်းကျင်ကို ရက်ပိုင်းအတွင်းရောက်အောင် ထိုးစစ်ဆင် တိုက်ခိုက်နိုင်ခဲ့တာပါ။ 

စစ်ကောင်စီကို တနိုင်ငံလုံးအဆင့် ထိုးစစ်ဆင် တိုက်ခိုက်ရာမှာ ပြည်သူအားလုံး ကျရာကဏ္ဍကနေ ပူးပေါင်းပါဝင်ပေးဖို့လည်း သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက တိုက်တွန်းထားပါတယ်။

သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက “အကြမ်းဖက်စစ်အုပ်စုအနေနဲ့ကတော့ အထွေထွေအကျပ်အတည်း ဆိုက်နေပြီပေါ့ဗျာ။ စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံတကာ သံတမန်ဆက်ဆံရေး၊ ဘဏ္ဍာရေးစစ်မျက်နှာလို့ခေါ်တဲ့ စီးပွားရေးမှာ ကြည့်မလား၊ စိတ်ဓာတ်ပိုင်းအရပါ ကြည့်မလား။ လုံးဝကို ချွတ်ခြုံကျနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီအခြေအနေကို ကျနော်တို့က အထူးအခွင့်အရေးအဖြစ် မှတ်ယူပြီးတော့ တော်လှန်အရှိန်တွေကို အစွမ်းကုန်မြှင့်တင်ကြဖို့ ဖြစ်တယ်။ တော်လှန်ပြည်သူလူထုကြီး တရပ်လုံးကလည်း တော်လှန်ရေးရဲ့ ကျရာတာဝန်တွေကို အစွမ်းကုန်တိုးမြှင့်ပြီးတော့ ထမ်းဆောင်ကြဖို့ဖြစ်တယ်” လို့ ပြောပါတယ်။

စစ်ကိုင်းမှာ စစ်ကောင်စီက အင်အားထပ်တိုးချပြီး PDF တွေရဲ့ ထိုးစစ်ကို ခုခံဖို့ ပြင်ဆင်နေပေမဲ့ အောက်ခြေတပ်သား၊ ရဲဝန်ထမ်းနဲ့ ပျူစောထီးတချို့ကတော့ ဒေသကာကွယ်ရေးအဖွဲ့တွေဆီ အလင်းဝင်တာတွေ ဆက်တိုက်ရှိနေခဲ့ပါတယ်။

နိုဝင်ဘာ ၁၉၊ ၂၀၊ ၂၁ ရက်နေ့တွေမှာ ကနီမြို့ပေါ်ရဲစခန်းက ရဲတပ်သားတယောက်၊ မင်းကင်းရဲစခန်းက ရဲတပ်သားတယောက်၊ ကနီနယ် အလယ်ကျွန်းပျူရွာက ပြည်သူ့စစ်တယောက် စုစုပေါင်း ၃ ယောက် လက်နက်ခဲယမ်းတွေနဲ့ ကနီနယ်အခြေစိုက် အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်ဆီမှာ အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်မှ တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုလင်းနွေက “ဒီရဲဘော်တွေကတော့ ဒီရက်ပိုင်းအတွင်း ကျနော်တို့ဆီမှာ အလင်းဝင်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့သူတွေပေါ့။ ကျနော်တို့ဆီဝင်လာရင်တော့ ကျနော်တို့က လူသားဆန်ဆန်ပဲ သူတို့ကို ဘာမှမလုပ်ဘူး၊ ကောင်းကောင်းမွန်မွန်ထားတယ်။ ကျနော်တို့လုပ်ပေးနိုင်တာ အကုန်လုပ်ပေးတယ်။ တာဝန်ယူထားတယ်။ ဒီကာလမှာတော့ ခင်ဗျားတို့ ရွေးချယ်စရာ ရှိမယ်ပေါ့နော်။ နောက်ကျရင်တော့ ရွေးချယ်ခွင့်ရမှာ မဟုတ်ဘူး။ ခင်ဗျားတို့အခြေအနေလည်း ခင်ဗျားတို့သိမှာပေါ့၊ ကြာလေ အနေကျုံ့လာလေပဲ။ ဒီအချိန်မှာ ကျနော်တို့ဘက်ကို လာပူးပေါင်းတာ အကောင်းဆုံးပဲ။ နောက်ကျရင်တော့ တိုက်ပွဲကြရင်တော့ ကျနော်တို့ အဲ့ဒါတွေ လက်ခံမှာမဟုတ်တော့ဘူး” လို့ ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ၁၀၂၇ စစ်ဆင်ရေးကို ကြေညာပြီး လားရှိုးမြို့ အပါအဝင် ကွမ်းလုံ၊ သိန္နီ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ နမ့်ခမ်း၊ ကွတ်ခိုင် စတဲ့မြို့တွေက စစ်ကောင်စီစခန်းတွေကို အောက်တိုဘာ ၂၇ ရက် မနက် ၄ နာရီမှာ စတင်တိုက်ခဲ့တာပါ။

၁၀၂၇ စစ်ဆင်ရေး တလပြည့်ချိန်မှာ မြို့ ၅ မြို့ကို သိမ်းယူ၊ ၃ မြို့ကို ပိတ်ဆို့ထားပြီး စစ်ကောင်စီတပ်စခန်းပေါင်း ၂၀၀ ကျော် သိမ်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013