DVB Logo
Home
ဆောင်းပါး
၁၀၂၇ ဒုတိယလှိုင်းနောက်ကွယ်က မမြင်ရတဲ့ အနာဂတ်မဲ့ နရသိန်ပြန်များ
DVB
·
July 9, 2026
Design: DVB
Design: DVB
Donate to DVB

အမည်မသိသော နေရာတခုဆီသို့ ဦးတည်ရွေ့လျားနေသည့် စစ်ကား ၅ စီးသည် မိုးစက်မိုးပေါက်များကြားတွင် လူးလွန့်ရုန်းကန်လျက် ရှိနေသည်။ အချိန်ကား နေဝင်မိုးချုပ် ညနေ မှောင်စပျိုးစအချိန်။ လားရှိုးအကျဉ်းထောင် ပေါက်ကွဲမှု (ထောင်ပွင့်မှု) ကြောင့် လွတ်မြောက်လာကြသည့် နိုင်ငံရေးအကျဉ်းသား လူတစုကတော့ ဤအခိုက်အတန့်သည်ပင်လျှင် တကယ့် "လွတ်မြောက်ခြင်း" ဆီသို့ ဦးတည်နေပြီဟု ထင်မှတ်ကာ အတွေးကိုယ်စီဖြင့် စစ်ကားများပေါ်တွင် ဝမ်းသာပီတိ ဖြစ်နေကြရှာသည်။

အပြင်လောကသို့ ပြန်ရောက်လျှင် ဘာလုပ်မည်၊ ဘယ်နေရာများသို့ သွားမည်ဆိုသည့် မျှော်လင့်ချက် ရောင်စုံအတွေးများသည် ကားပေါ်ရှိ သူတို့၏ရင်ထဲတွင် ဝေစည်နေကြသည်။ လားရှိုးမြို့ပြင်ရှိ စစ်တပ်ပိုင်စခန်းများ ဖရိုဖရဲဖြစ်ကာ ဟိုတစ ဒီတစ လောင်ကျွမ်းနေသည့် မီးတောက်မီးလျှံများကို ဖြတ်သန်းမောင်းနှင်လာချိန်တွင်တော့ ဤလွတ်မြောက်ခြင်း၏ နောက်ကွယ်က ရက်စက်လွန်းလှသည့် အခက်အခဲများကို သူတို့ မမြင်မိကြသေးပေ။

တကယ်တော့ သူတို့သည် လွတ်မြောက်ခြင်းအမည်ခံ အကျဉ်းထောင်အသစ်ဆီသို့ ဦးတည်နေမှန်း မသိကြရှာပါ။ မိမိတို့ တကယ်မလွတ်မြောက်သေးဘူးဆိုသည့် အမှန်တရားကို အချိန်ကြာလာသည့်အခါမှသာ ပို၍ ပို၍ သိမြင်လာကြရတော့သည်။

၁၀၂၇ ဒုတိယလှိုင်းအပြီး အပြင်လောကသို့ ပြန်ရောက်လာချိန်တွင်တော့ မင်းဆက်တယောက် ကောင်းကောင်း သဘောပေါက်လိုက်ရသည်။ ထောင်ကလွတ်လာသည်မှာ မှန်သော်လည်း အပြင်လောကထဲသို့ သူ တကယ်မရောက်သေး။ တကယ်မလွတ်လပ်သေးပါ။

၁၀၂၇ ဒုတိယလှိုင်းကြောင့် လူငယ်များ အကျဉ်းထောင်ကနေ လွတ်မြောက်လာကြသော်လည်း သူတို့၏ အနာဂတ်များသည် မရေရာသော ဘဝရှင်သန်မှုများနှင့်အတူ လွင့်ပါးနေကြရပြီ ဖြစ်သည်။ ပို၍ ဆိုးရွားသည်ကတော့ “စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု” လုံးဝမရှိတော့ခြင်းပင်။ နိုင်ငံရေးအကျဉ်းသားဟောင်းများတင်မက ဒေသခံ ပြည်သူတိုင်း၏ စိတ်ထဲတွင် လေယာဉ်သံကို အမြဲတမ်း ထိတ်လန့်တုန်လှုပ်စွာ နားစွင့်နေကြရသည်။ လက်နက်ကြီးသံနှင့် ပေါက်ကွဲသံများ ကြားရပြီဆိုလျှင် အိမ်တိုင်းလိုလို အရေးကြီးစာရွက်စာတမ်းနှင့် ငွေကြေးများ ထည့်ထားသည့် အထုပ်အပိုးများကို အသင့်ဆွဲကိုင်ထားကြပြီ။ ခုတင်အောက်က ဘေးကင်းမည့် နေရာတခုဆီသို့ တိုးဝင် ပုန်းခိုနေကြရပြီ။ ဒါဟာ ၁၀၂၇ ဒုတိယလှိုင်းအပြီး မင်းဆက်တို့ကဲ့သို့ နရသိန်ပြန်များနှင့်အတူ ရှမ်းမြောက်ပြည်သူများ ရင်ဆိုင်နေရသည့် သောကငရဲပင် ဖြစ်သည်။

စစ်ပွဲအပြီး ရှမ်းမြောက်ဒေသ၏ သမိုင်းတင်လောက်အောင် မြင့်တက်နေသည့် ကုန်ဈေးနှုန်းများကြောင့် ဒေသခံလူထုနှင့်အတူ မင်းဆက်တို့ကဲ့သို့ နိုင်ကျဉ်းများသည် စားသောက်မှုပုံစံကို အလိုအလျောက် ကျုံ့လိုက်ကြရသည်။ လျှပ်စစ်မီး မမှန်ခြင်းနှင့် လုံးဝမရခြင်းတို့ကြောင့် မီးသွေးနှင့် ထင်းကိုသာ အဓိက အားကိုးနေရသလို နေ့စဉ်အသုံးစရိတ်ကို အစွမ်းကုန်ချွေတာပြီး နောင်ကြုံလာရမည့် ကျန်းမာရေးစရိတ်အတွက် စိုးရိမ်တကြီး စုဆောင်းနေရသည့် ဘဝများ ဖြစ်ကုန်ကြသည်။ မသေချာ မရေရာမှုများ၊ အခက်အခဲများ ကြားထဲတွင် သောကဗျာပါဒများစွာဖြင့် ရုန်းကန်နေရသည့် ဘဝများပင်။

အကျဉ်းထောင်မှ ဖောက်ပြေးခဲ့ကြပြီးနောက် အထီးကျန်မှုနှင့် မမြင်နိုင်သော စိတ်ဒဏ်ရာများကို လူတိုင်းကို ထုတ်ဖော်မပြောဖြစ်ကြသော်လည်း ရင်ထဲတွင် လူတိုင်းခံစားနေရမည်မှာ အသေအချာပင် ဖြစ်သည်။

မင်းဆက်ကတော့ တောမကျ မြို့မရောက် နေရာလေးတခုတွင် ခိုအောင်းနေရသော်လည်း ထောင်ထဲက နိုင်ကျဉ်းမိတ်ဆွေ တချို့ကတော့ ထိုင်းနှင့် တရုတ် စသည့် ပြင်ပနိုင်ငံများသို့ တရားမဝင် လမ်းကြောင်းမှဖြစ်စေ၊ တရားဝင်လမ်းကြောင်းမှဖြစ်စေ နည်းလမ်းမျိုးစုံဖြင့် စွန့်စွန့်စားစား ထွက်ခွာသွားကြလေပြီ။

မင်းဆက်မှာမူ ယနေ့တိုင် စစ်ကြောရေးက ရိုက်နှက်ခဲ့သည့် ဒဏ်ရာများကြောင့် မိုးအေးလာလျှင် ဆေးပူလိမ်းနေရတုန်းပင်။ ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများသို့ သွားမည်ဆိုလျှင်လည်း အဖမ်းခံခဲ့ရစဉ်က ပုံရိပ်များကြောင့် ယနေ့တိုင် ထိတ်လန့်နေဆဲ ဖြစ်သည်။ စစ်အာဏာရှင်တပ်များ လိုက်လံဖမ်းဆီးသည့် အိပ်မက်ဆိုးကို မက်တိုင်း လန့်နိုးလာလျှင် တကိုယ်လုံး ချွေးပျံနေရဆဲ။ အပြင်လောကတွင် “ပါဆယ်ထုပ်” ဆိုသည်မှာ စားစရာ၊ သောက်စရာ သာမန်အရာတခုမျှသာ ဖြစ်သော်လည်း မင်းဆက်အတွက်မူ ဘယ်သူကပဲဖြစ်ဖြစ် “ပါဆယ်ထုပ်” ဟု ပြောလိုက်သံကြားရုံမျှဖြင့် အကျဉ်းထောင်ထဲက “ထောင်ဝင်စာ ပါဆယ်ထုပ်” ဆိုသည့် အသံဆိုးကြီးက နားထဲတွင် အလိုအလျောက် ပြန်လည်ပဲ့တင်ထပ်နေတတ်သည်။

မင်းဆက်တို့လို လူငယ်များအတွက်မူ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် မိဘနှင့် မွေးရပ်ဇာတိမြေကို စွန့်ခွာရပြီး မကျွမ်းကျင်သည့် ပတ်ဝန်းကျင်သစ်တွင် တဦးတည်း ရုန်းကန်ရသည့်အတွက် လူမှုရေးအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ နက်ရှိုင်းသည့် “အထီးကျန်မှု” ကို အလူးအလဲ ခံစားကြရသည်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေး။ ယခင်က အားကစား ဝါသနာပါခဲ့သည့် မင်းဆက်သည် စစ်ကြောရေးဒဏ်များကြောင့် ယခုအခါ အပြေးပင် ကောင်းကောင်း မလုပ်နိုင်တော့။ ထောင်ထဲက သောက်သုံးရေ မသန့်ရှင်းမှု၏ နောက်ဆက်တွဲ ရလဒ်အဖြစ် ကျောက်ကပ်တွင်ပါ ကျောက်တည်နေလေပြီ။ ခန္ဓာကိုယ်က ပျက်စီးသွားသလို စိတ်နှလုံးကလည်း ကြေမွနေရသည်။

ဖေ့စ်ဘွတ်ခ် စာမျက်နှာများမှတဆင့် အခြားဒေသ သို့မဟုတ် အခြားနိုင်ငံက လူငယ်များ၏ ပုံမှန်လည်ပတ်နေသည့် ဘဝများနှင့် ပညာရေးတိုးတက်မှုများကို မြင်ရသည့်အခါ "ငါတို့ပဲ နောက်ကျကျန်ခဲ့ပြီ" ဆိုသည့် စိတ်ဒဏ်ရာ (FOMO - Fear of Missing Out) ကို ပြင်းပြင်းထန်ထန် ခံစားရသည်။

ထို့ထက် ပို၍ဆိုးသည်မှာ အပြင်က လူငယ်များ ခေတ်နှင့် အညီ အရှိန်အဟုန်ဖြင့် ပြေးလွှား စီးပွားရှာနေချိန်တွင် မင်းဆက်တို့လို နရသိန်ပြန်များမှာမူ ဘဝကို "သုည" ကနေ ပြန်စရခြင်းပင် ဖြစ်သည်။ ထောင်ထဲတွင် နှစ်နှင့်ချီ ပိတ်လှောင်ခံထားရသည့်အတွက် အပြင်ပြန်ရောက်ချိန်တွင် လက်ထဲ၌ အရင်းအနှီး ငွေကြေး ပြတ်တောက်နေသလို နေ့စဉ်သုံးရန် ဖုန်းတလုံး ပြန်ရဖို့အရေးပင် မနည်းရုန်းကန်နေရသည်။ စားဝတ်နေရေးအတွက် အလုပ်အကိုင် ရှာဖွေပြန်တော့လည်း "နိုင်ကျဉ်းဟောင်း"၊ "ထောင်ထွက်" ဖြစ်နေသည့်အတွက် လုံခြုံရေးအရ ရိုက်ခတ်မှုရှိမည်ကို စိုးရိမ်သဖြင့် မည်သည့်အဖွဲ့အစည်း၊ မည်သည့်လုပ်ငန်းကမျှ အရဲစွန့်ပြီး အလုပ်မခန့်ရဲကြချေ။ ဘဝအတွက် ဘာမျှော်လင့်ချက်မှမရှိ၊ ရုပ်ပိုင်းဆိုင်ရာရော စီးပွားရေးအရပါ လက်မဲ့ခြေမဲ့ ဖြစ်သွားရသည့် ဒဏ်ရာက လူငယ်တယောက်ကို အရှင်လတ်လတ် သတ်နေသကဲ့သို့ ရှိတော့သည်။ အချို့နေရာများတွင် အလုပ်ခန့်သော်လည်း နိုင်ကျဉ်းဖြစ်နေခြင်းကို သိသဖြင့် ပို၍ပင် အနိုင်ယူ နှိမ်ချချင်ကြသေးသည်။

ယခု မင်းဆက် မှီတင်းနေထိုင်ရာ မြို့လေးသည် လေယာဉ်ဗုံးဒဏ်များကြောင့် တစစီ ပြိုလဲပျက်စီးနေခဲ့ပြီ။ သို့သော် မြို့ပျက်ကြီးထဲက မင်းဆက်ရင်ထဲက အမှန်တရားကိုတော့ အာဏာရှင်များ ဘယ်သို့မျှ ပြိုလဲအောင် ဖျက်ဆီးနိုင်မည်မဟုတ်ပါ။ အာဏာရှင်များ စိတ်ကြိုက်ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်မူ “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် ပြည်သူ့ထံမှ ဆင်းသက်ပြီး ပြည်သူ့ထံ၌သာ တည်သည်” ဟု တခမ်းတနား ဆိုထားခဲ့ဖူး၏။ သို့သော် ပကတိမြေပြင်တွင်မူ ထိုအချုပ်အခြာအာဏာသည် ပြည်သူ့ထံမှ ဆင်းသက်ပြီး လူတစု၏ လက်နက်အားကိုး ဓားပြတိုက်မှုအောက်သို့သာ ကောက်ကာငင်ကာ ကျရောက်သွားခဲ့လေသလားဟု မေးခွန်းထုတ်ချင်စရာ ကောင်းလှသည်။

ထောင်ကလွတ်လာသည်မှာ မှန်သော်လည်း လွတ်လပ်ပျော်ရွှင်ရမည့် ဘဝအခွင့်အရေးများ အားလုံး ဆုံးရှုံးသွားခဲ့ရပြီ။ စကစ စစ်ဆေးရေးဂိတ်များနှင့် လုံခြုံရေးအခြေအနေများကြောင့် တမြို့မှတမြို့သို့ သွားဖို့ပင် မဖြစ်နိုင်တော့။ မိဘ၊ သူငယ်ချင်းများနှင့် ဆုံတွေ့ဖို့၊ အပန်းဖြေဖို့ ဆိုသည်များမှာ စိုးရိမ်စိတ်များဖြင့်သာ အမြဲ ခြောက်လှန့်ခံနေရသည်။ နိုင်ကျဉ်းလူငယ်များအဖို့ အားကစားလုပ်ခြင်း၊ ဂီတ၊ အနုပညာ သို့မဟုတ် မိမိဝါသနာပါရာ အဖွဲ့အစည်းများတွင် ပါဝင်လှုပ်ရှားခွင့်များသည် ယခင်အချိန်များနှင့် မတူတော့ဘဲ လက်ရှိအခြေအနေနှင့် ဘဝရပ်တည်ရေးအရ နောက်တန်းသို့ ရောက်သွားရကာ နေ့စဉ်ရှင်သန်ရေး (Survival) တခုတည်းကိုသာ အဓိက စဉ်းစားနေကြရသည်။

ဤကဲ့သို့သော ကျပ်တည်းမှုများကြားထဲတွင် ရှင်သန်ဖို့အတွက် ကြိုးစားရုန်းကန်နေကြရသူများ အားလုံးတွင် ရှိကြပါလိမ့်မည်။ သို့သော် ထောင်ကထွက်လာပြီးနောက် နွေးထွေးမှုနှင့် မေတ္တာ တရားများကို သာမန်လူများထက် ဤနရသိန်ပြန်များက ပိုမိုလိုအပ်နေသည် ဆိုခြင်းကိုတော့ လူတိုင်း သတိထားမိကြမည်မထင်ပါ။ အကြောက်တရားများနှင့် ဖိနှိပ်မှုများ၏ ဒဏ်ရာ ဒဏ်ချက်ကြောင့် သူတို့သည် ယခုအချိန်တွင် စိတ်ဒဏ်ရာကိုယ်စီ ရင်ဝယ်ပိုက်ပြီး ပြန်လာခဲ့ကြရသည်ကိုကော ဘေးပတ်ဝန်းကျင်က တကယ်ပဲ နားလည် စာနာပေးနိုင်ကြပါမလား။

အခုလက်ရှိ ကြုံတွေ့နေရသည့် ဒဏ်ရာများအပြင် ဒီအခြေအနေများသာ ရေရှည်ဆက်သွားမည်ဆိုလျှင် ရှမ်းမြောက်ဒေသက လူထုနှင့်အတူ နိုင်ကျဉ်းများအပေါ် ရေရှည် (Long-term) တွင် ထပ်မံသက်ရောက်လာနိုင်သည့် "မမြင်နိုင်သေးသည့် ကပ်ဆိုးများ" ရှိနေပါသည်။ နေ့စဉ်ကြုံနေရသည့် သောကများသည် ရေရှည်တွင် စိတ်ရောဂါအဆင့်အထိ အမြစ်တွယ်သွားနိုင်သည်။

တုန်လှုပ်လွယ်ခြင်း (PTSD): ပေါက်ကွဲသံ၊ လေယာဉ်သံများကြောင့် ရလာသည့် စိတ်ဒဏ်ရာများသည် ၁၀၂၇ စစ်ပွဲကြီး ပြီးသွားသော်လည်း လူငယ်များ၏ စိတ်ထဲတွင် နှစ်ပေါင်းများစွာ အရိပ်မည်းလို ခြောက်လှန့်နေဦးမည် ဖြစ်သည်။

မျှော်လင့်ချက် ကင်းမဲ့ခြင်း (Hopelessness): "ဘာလုပ်လုပ် ထူးမှာမဟုတ်ပါဘူး" ဆိုသည့် အဆိုးမြင်စိတ်နှင့် စိတ်ဓာတ်ကျဆင်းမှုများကြောင့် ဒေသခံလူထုများ အပါအဝင် နိုင်ကျဉ်းများ၏ တီထွင်ဖန်တီးနိုင်စွမ်းနှင့် တက်ကြွမှုများ သေဆုံးသွားနိုင်သည်။

လမ်းမှားသို့ ခြေဦးလှည့်ခြင်း: စိတ်ပျက်စရာ ပတ်ဝန်းကျင်မှ ရုန်းထွက်ရန် သို့မဟုတ် လွယ်လွယ်နှင့် ပိုက်ဆံရရန်အတွက် အွန်လိုင်းငွေလိမ်လုပ်ငန်း (Scam) များ၏ သားကောင်အဖြစ် ပိုမို သွေးဆောင်ဖျားယောင်းခြင်း ခံရနိုင်သည်။

ဒီအာဏာသိမ်းမှု ဖြစ်စဉ်နှင့်အတူ ၁၀၂၇ ဒုတိယလှိုင်းတွင် လွတ်မြောက်လာကြသည့် နိုင်ကျဉ်းများ၊ ရှမ်းမြောက်ဒေသခံများသည် "ငါ ဘာဝါသနာပါလဲ"၊ "ငါ ဘာဖြစ်ချင်တာလဲ" ဆိုသည်ကို ရှာဖွေခွင့် မရကြတော့ပေ။ "ဒီနေ့ ထမင်းစားဖို့ ဘာလုပ်ရမလဲ" ဆိုသည့် ရုန်းကန်မှုကသာ လူတို့၏ ဦးနှောက်ကို အမြဲ စိုးမိုးထားတော့သည်။ "မျှော်လင့်ချက်ထားရင် ပိုခံစားရတယ်" ဆိုသည့် အတွေးဖြင့် အနာဂတ်အတွက် ဘာအစီအစဉ်မျှ ရဲရဲဝံ့ဝံ့ မဆွဲရဲတော့ဘဲ လက်ရှိနေ့ရက်ကိုသာ ပြီးရင်ပြီးရော ဖြတ်သန်းသည့်ပုံစံမျိုး ဖြစ်သွားကြရသည်။

ဒီအခြေအနေများသည် မြင်သာသည့် ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုများထက် ပို၍ လူတို့၏ ရင်ထဲတွင် အဆိပ်အတောက် ဖြစ်စေပါသည်။ စစ်ပွဲနောက်ကွယ်တွင် ပျက်စီးသွားသည့် အဆောက်အအုံများကို ပြန်လည်တည်ဆောက်၍ ရနိုင်သော်လည်း မင်းဆက်တို့၏ ကြေမွသွားသည့် လူနေမှုဘဝများကတော့ ယနေ့တိုင် ပြန်လည်တည်ဆောက်၍ မရနိုင်သေးပါ။

တကယ်တော့ မင်းဆက်တို့ ကြုံတွေ့နေရသည့် ဆုံးရှုံးမှုမျိုးနှင့် ရင်ဆိုင်ရင်း မိမိတို့ဘဝများကို ပေးဆပ်နေရသည့် လူငယ်များသည် တနိုင်ငံလုံးတွင် အများအပြား ရှိနေဆဲပင်။ မင်းဆက်တို့သည် သံတိုင်မခတ်ထားသည့် အကျဉ်းထောင်အကျယ်ကြီးတခုထဲတွင် အတူတူ ပိတ်မိပြီး ရှင်သန်နေကြရသည့် ဘဝတူများသာ ဖြစ်ကြပါသည်။ တော်လှန်ချိန်တွင် အကြောင်း အမျိုးမျိုးကြောင့် တစုတစည်းတည်း မပါဝင်နိုင်ခဲ့ရင်တောင် တကယ့်လွတ်မြောက်ခြင်း နေ့ရက်သို့ ရောက်သည့်အခါတွင်တော့ အားလုံးအတူတူ လွတ်မြောက်ခွင့် ရကြရမှာပါလေ။

ရေမျောကမ်းတင် ရှင်သန်နေရသည့် ဘဝချင်းတူ၊ လားရှိုးအကျဉ်းထောင်မှ အတူဖောက်ပြေးခဲ့ရသည့် ဘဝတူများစွာကို အမှတ်ရရင်း ၁၀၂၇ လှိုင်းနှင့်အတူ သံတိုင်အောက်က လွတ်မြောက်လာသော်လည်း အနာဂတ်မဲ့နေရရှာသော လားရှိုးနိုင်ကျဉ်းများကို သတိရလျက်။ 

သက်တန့်နွေဦး (နွေဦးနိုင်ကျဉ်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013