DVB Logo
Home
မြန်မာသတင်း
မောင်တောရှိ စစ်ဆေးရေးဂိတ်နှင့် တပ်စခန်းငယ်များကို စစ်ကောင်စီ ရုပ်သိမ်း
DVB
·
November 27, 2023
မောင်တောရှိ စစ်ဆေးရေးဂိတ်နှင့် တပ်စခန်းငယ်များကို စစ်ကောင်စီ ရုပ်သိမ်း
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ  စစ်ကောင်စီက စစ်ဆေးရေးဂိတ်တွေနဲ့ တပ်စခန်းငယ်တွေကို  အများဆုံး ရုပ်သိမ်းထားတယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်ကနေ ၂၂ ရက်အထိ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေက နယ်ခြားစောင့် စစ်ဆေးဂိတ်တွေနဲ့ တပ်စခန်းငယ် ၄၀ ကျော်ကို စစ်ကောင်စီက ရုပ်သိမ်းထားပြီး အဲ့ဒီအထဲမှာ မောင်တောမြောက်ပိုင်းက ၃၀ လောက် ပါဝင်တယ်လို့ အေအေနဲ့နီးစပ်သူတယောက်က ပြောပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်းက အင်အား ၂၀ လောက်ဆီရှိတဲ့ စစ်‌ဆေးရေး ဂိတ်နဲ့ တပ်စခန်းတွေကို ရုပ်သိမ်းပြီး အင်အား ၅၀ ရှိတဲ့ စခန်းတွေကို ပေါင်းစည်းလိုက်ကြတာလို့ ဆိုပါတယ်။

အေအေနဲ့နီးစပ်တဲ့ မောင်တောဒေသခံတယောက်က “လက်ရှိ မောင်တောဒေသမှာ ကင်းစခန်းတွေနဲ့ စခန်းငယ်တွေ ၃၀ ကျော်လောက် ရုပ်သိမ်းသွားတာရှိတယ်။ အင်အားရှိတဲ့ စခန်းတွေနဲ့ ထပ်ပေါင်းတာတွေရှိတယ်။ လက်ရှိ မောင်တောဒေသမှာတော့ စားဝတ်နေရေးက အခက်ဆုံးဖြစ်နေတယ်။ ဆေးဝါးနဲ့ လောင်စာဆီကအစပေါ့၊ ကုန်စည်တွေလည်း ပြတ်နေတဲ့ အခြေအနေ ရောက်နေတယ်” လို့ ပြောပါတယ်။

နိုဝင်ဘာ ၂၄ ရက် ညအချိန်မှာ ရသေ့တောင်မြို့နယ်၊ မေယုဆိပ်ကမ်းမှာရှိတဲ့ အငူမော် နယ်ခြားစောင့်စခန်းနဲ့ တောင်ဦးစစ်တပ်စခန်းတွေက စစ်ကောင်စီတပ်သားတွေဟာ စစ်တွေဘက်ကို ရေတပ်ဇက်ရေယာဉ်နဲ့ ထွက်သွားခဲ့တယ်လို့ ဒေသခံတွေက အတည်ပြု ပြောဆိုပါတယ်။

ရက္ခိုင့်တပ်တော် (အေအေ) က နိုဝင်ဘာ ၁၃ ရက်နဲ့ ၁၄ ရက်တွေမှာ ရသေ့တောင်မြို့နယ် ချိန်ခါလီစခန်းနဲ့ ဒုံးပိုက်စခန်းတွေကို သိမ်းပိုက်ခဲ့ပြီး မောင်တောမြို့နယ်တောင်ပိုင်းက သင်္ဘောလှ နယ်ခြားစောင့်စခန်းနဲ့ မီးတိုက်စခန်းတွေကိုပါ သိမ်းယူနိုင်ခဲ့ပါတယ်။

အဲ့ဒီအပြင် မောင်တောမြို့နယ်အခြေစိုက် ဒုံးညို နယ်ခြားစောင့်ရဲစခန်းကိုလည်း နိုဝင်ဘာ ၁၇ ရက်မှာ သိမ်းပိုက်ခဲ့ပြီး ဘူးသီးတောင်အခြေစိုက် ခထီးလှစခန်းကို နိုဝင်ဘာ ၂၁ ရက်မှာ သိမ်းပိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) က ထုတ်ပြန်ထားပါတယ်။

ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေက “လက်ရှိ ရက္ခိုင့်တပ်တော် (အေအေ) ရဲ့ ထိုးစစ်ကြောင့် တပ်စခန်းတချို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ‌နေက်ဆုတ် အင်အားပေါင်းတဲ့ စခန်း ၄၀ ကျော်အထိရှိနေပြီး အေအေရဲ့ ထိုးစစ်အနေအထားအရ လက်ရှိ မြေပြင်မှာ စစ်ကောင်စီက မလွှမ်းမိုးနိုင်တော့တဲ့အတွက် စစ်ကောင်စီအနေနဲ့ ကျဆုံးမှုများစွာနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်” လို့ ပြောပါတယ်။

နိုဝင်ဘာ ၂၅ ရက် မနက်ပိုင်းမှာ မောင်တောမြို့နယ်တောင်ပိုင်း ကိုင်းကြီးကျေးရွာအနီးက စစ်ကောင်စီတပ်ရဲ့ နယ်ခြားစောင့်ရဲကင်းစခန်းကို ရက္ခိုင့်တပ်တော် (အေအေ) က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးကာ ၆ ယောက် ဒဏ်ရာရရှိခဲ့ပြီး ကိုင်းကြီးစခန်းကိုတော့ သိမ်းယူနိုင်တာ မရှိသေးပါဘူး။

နယ်စပ်ဒေသဖြစ်တဲ့ မောင်တောမြို့နယ်မှာ တိုက်ပွဲမဖြစ်စေဖို့ စစ်ကောင်စီတပ်မမှူး ဦးဆောင်တဲ့အဖွဲ့နဲ့ မောင်တောမြို့က မြို့မိမြို့ဖတွေ နိုဝင်ဘာ ၂၅ ရက်က‌ မောင်တောမြို့မှာ  တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၁၃ ရက်ကနေ ၂၂ ရက်အထိ တိုက်ပွဲကာလ ၁၀ ရက်အတွင်း ရက္ခိုင့်တပ်တော်က စစ်ကောင်စီရဲ့ တပ်စခန်း ၄ ခုကို ထိုးစစ်ဆင် သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်ဘက်က စွန့်လွှတ်သွားခဲ့တဲ့ စခန်းပေါင်း ၄၀ ကျော်ကိုလည်း သိမ်းယူထားတယ်လို့ နိုဝင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

လင်းအိမ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013