DVB Logo
Home
Lead Story
အရေးပါနေဆဲ ဒလသမ္ဗန်စက်လှေများ
DVB
·
November 27, 2023
အရေးပါနေဆဲ ဒလသမ္ဗန်စက်လှေများ
1 / 6
Donate to DVB

ရန်ကုန်တဖက်ကမ်း ဒလမြို့နယ်နဲ့ ဆိပ်ကြီးခနောင်တိုမြို့နယ်က ကူးတို့ဆိပ်တွေနဲ့ ရန်ကုန်မြို့ဘက်က နန်းသီတာကူးတို့ဆိပ်၊ စဉ့်အိုးတန်းကူးတို့ဆိပ်၊ ဗိုလ်တထောင် ကူးတို့ဆိပ်တွေကို ပြည်သူတွေ ကူးလူးဆက်သွယ်သွားလာနိုင်ဖို့အတွက် စက်တပ်သမ္ဗန်ယာဉ်တွေဟာ ရန်ကုန်မြစ်ကိုဖြတ်သန်းပြီး ခရီးတို ပို့ဆောင်ပေးနေကြပါတယ်။

စက်လှေသမားတွေဟာ သမ္ဗန်ရဲ့ အရွယ်အစားအလိုက် ခရီးသည် ၈ ဦးကနေ ၁၂ ဦးအထိ တင်ဆောင်လေ့ရှိပြီး ပြေးဆွဲရတဲ့ ကူးတို့ဆိပ်အပေါ် မူတည်ကာ တဦးကို ကျပ် ၂၀၀ ကနေ ကျပ် ၃၀၀ သာ ကောက်ခံကြပါတယ်။

စက်လှေအတွက် အဓိကလိုအပ်တဲ့ လောင်စာဆီဈေးနှုန်း ကြီးမြင့်လာပေမဲ့ ခရီးသည်တွေ အဆင်ပြေစေနိုင်ဖို့ စက်လှေသမားတွေဟာ ခေါက်တိုစီးနင်းခကို ဈေးမတက်ဘဲ နေ့စဉ် မနက် ၅ နာရီကနေ ည ၇ နာရီ ၈ နာရီလောက်အထိ ပုံမှန်ပြေးဆွဲနေကြတာပါ။

ဒလမြို့မှ စက်လှေဆရာတဦးက “မနက် ၅ နာရီလောက်ဆို အိမ်ကထပြီး ဆင်းလာကြတာပေါ့။ ည ၇ နာရီ ပတ်ဝန်းကျင်လောက်အထိတော့ မောင်းတယ်။ ဟိုတုန်းကတော့ တညလုံး မောင်းလို့ရတယ်။ အခုတော့ ခရီးသည်က အသွားအလာနည်းတော့ လူမရှိဘူး” လို့ ဆိုပါတယ်။

စက်လှေစီးနင်းသူ အများစုဟာ ဒလကနေ ရန်ကုန်မြို့ဘက်မှာ ဝန်ထမ်းအလုပ်နဲ့ ဈေးရောင်းဈေးဝယ် လုပ်ကိုင်ကြသူတွေဖြစ်ပြီး မနက်အစောပိုင်း ၄ နာရီခန့်မှာ သမ္ဗန်ပုံမှန်စီးနင်းနေကြသူတွေက ရေထွက်ပစ္စည်းရောင်းချသူတွေ များပါတယ်။

မနက်နဲ့ ညနေဆို လူစီးများတဲ့ ကူးတို့ဆိပ်မှာသာ ခရီးသည်ရရှိတာဖြစ်ပြီး မနက်ပိုင်းတွေမှာ ဒလဘက်က စီးနင်းသူများကာ ညနေပိုင်းတွေမှာတော့ ရန်ကုန်ဘက်ခြမ်းက စီးနင်းသူ များကြပါတယ်။

၂၀၂၂ ခုနှစ် လောင်စာဆီဈေးနှုန်း တဟုန်ထိုး မြင့်တက်မှုကြောင့် ကိုဗစ်ကာလမတိုင်မီ ခရီးသည်တဦးကို ကျပ် ၁၀၀ ကောက်ခံနေရာမှ အခြေအနေအရ ကျပ် ၃၀၀ အထိ စက်လှေစီးနင်းခ ဈေး ၂ ဆနီးပါး တိုးမြှင့်ကောက်ခံခဲ့ပါတယ်။

စက်လှေအတွက် လောင်စာဆီဘူး တဘူးဝယ်ယူ မောင်းနှင်တဲ့အခါ လူတင်တဲ့ အကြို ၃ ခေါက်နဲ့ ဗလာခေါက် ၃ ခေါက် ရှိတာဖြစ်ပြီး ဗလာ ၃ ခေါက်မှာ ဒလဘက်က ခရီးသည်တွေ လိုက်ပါစီးနင်းတာမျိုး မရှိကြပါဘူး။

စက်လှေမှာသုံးဖို့အတွက် လောင်စာဆီကို ၁ လီတာ ကျပ် ၂,၂၀၀ အထိ ပေးနေရပြီး စက်လှေသမားတွေဟာ ခရီးသည်အပြည့်ပါတဲ့ တခေါက်ကို ကျပ် ၂,၄၀၀ သာ ရရှိကြတာကြောင့် ရန်ကုန်မြစ်ကို အသွားအပြန် ၆ ‌ခါကူးပြီးချိန်မှသာ စက်လှေအုံနာကြေး ၅,၀၀၀ ကျပ်နဲ့ ဆီတဘူးဖိုး ပြန်ရရှိတာ ဖြစ်ပါတယ်။

ဒလမြို့မှ စက်လှေဆရာက “ဆီ ၁ လီတာနဲ့ဆိုရင် စက်သမ္ဗန်တွေကတော့ အပ်ပင် ၃ ခေါက်တော့ မောင်းရတာပေါ့။ မနက်ပိုင်းဆိုရင် ခရီးသည်က ဗလာကျတဲ့အတွက် ဒီဘက်ကမ်းကို ကူးမောင်းရတာရှိတယ်။ ညနေပိုင်းဆိုရင် ဟိုဘက်ကမ်းကျတဲ့အတွက် ဟိုဘက်ကို ဗလာကူးမောင်းရတယ်။ ဆီအတိုင်းအတာနဲ့ဆိုရင်တော့ သိပ်တော့ အဆင်မပြေပါဘူး။ အုံနာကြေး၊ ဂိတ်ကြေး၊ ဆီဖိုးနဲ့ဆိုရင်” လို့ ဆိုပါတယ်။

ရာသီဥတုအခြေအနေကောင်းတာနဲ့ အလုပ်ဖွင့်ရက်တွေဆိုပါက တနေ့ကို ဆီ ၁ ဂါလံလောက် ကုန်တဲ့အထိ ခေါက်တို ပြေးဆွဲရတာကြောင့် အုံနာခ ကျပ် ၅,၀၀၀ ပေးပြီးတဲ့အပြင် ကျပ် ၁ သောင်း၊ ၁ သောင်း ၂ ထောင်လောက်အထိ ရကြပါတယ်။

မိုးရာသီ မုတ်သုံလှိုင်းလေကြမ်းကာလနဲ့ အလုပ်ပိတ်ရက်တွေ၊ အလုပ်အကိုင်ရှားပါးလို့ မြစ်ကူးပြီး အလုပ်သွားသူတွေ နည်းပါးသွားတဲ့ အခြေအနေကြောင့် စက်လှေအုံနာခ မပေးနိုင်တာနဲ့ စက်လှေနားရက်တွေဆို အုံနာခ စိုက်ပေးရတာမျိုးတွေ ရှိနေပါတယ်။

နန်းသီတာကူးတို့ဆိပ်ကနေ ဒလဆိပ်ကို သမ္ဗန်နဲ့ ၈ မိနစ်လောက် ဖြတ်သန်းမောင်းနှင်ရပြီး ခရီးသည်လုံခြုံရေးအတွက် သမ္ဗန်လှေတွေရဲ့ ညာဘက်နံဘေးမှာ အသက်ကယ်အင်္ကျီ ၅ ခုခန့်နဲ့ ဘောကွင်းတွေ ကြိုးတန်းထားတာကို တွေ့ရပါတယ်။

ဒလမြို့မှ စက်လှေဆရာက “စက်လှေမောင်းသက် နှစ် ၂၀ အတွင်းမှာ ခရီးသည်ကို ရေထဲက ကယ်ခဲ့သူ အယောက် ၂၀၊ အစိတ်လောက်ရှိတယ်။ စက်လှေဘေးမှာဆိုရင် Life Jacket တွေ ဘေးမှာ ချိတ်ပေးထားတယ်။ ဟိုတုန်းကတော့ ခရီးသည် ၁၂ ယောက်၊ နောက် ၁၂ ယောက်ကနေ ၁၀ ယောက်၊ အခု ၈ ယောက်အထိ တင်လို့ရပါတယ်။ ၈ ယောက်စာ အတွက်လည်း Life Jacket တွေ သမ္ဗန်အစီးတိုင်းမှာ ရှိပါတယ်။ အနောက်မှာဆိုရင် ဘောကွင်းနဲ့ ဘေးသိုင်းကြိုးတွေလည်း ရှိပါတယ်” လို့ ဆိုပါတယ်။

ရန်ကုန်မြစ်ကို ခရီးသည်တွေ ဖြတ်သန်းနိုင်ဖို့အတွက် နန်းသီတာဆိပ်ကမ်းနဲ့ ဒလမြို့နယ်ကို စက်တပ်သမ္ဗန်ယာဉ် ၅၁ စီးနဲ့ ခေါက်တိုပြေးဆွဲနေသလို ပြည်တွင်းရေကြောင်းပို့ဆောင်ရေးက ချယ်ရီ-၁၊ ၂ သင်္ဘောနှစ်စီးနဲ့ မနက် ၅ နာရီခွဲကနေ ည ၇ နာရီအထိ နာရီဝက်ခြား အသွားအပြန် တစီးစီ၊ တနေ့ ၄၈ ခေါက် ပြေးဆွဲ‌ပေးနေကာ စီးနင်းခလက်မှတ်ခ ကျပ် ၂၀၀ ပေးရပါတယ်။

ဒလမြို့ကနေ ရန်ကုန်မြို့မှာ အလုပ်လုပ်ကိုင်သူ အများစုဟာ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ချယ်ရီသင်္ဘောကို မိုးတွင်းကာလမှာသာ အစီးများကြပြီး ချယ်ရီသင်္ဘောထွက်ခွာချိန် ကြာမြင့်မှုတွေက အလုပ်ချိန်နောက်ကျမှာကြောင့် အချိန်ကုန်သက်သာပြီး ပစ္စည်းတင်ရလွယ်တဲ့ စက်တပ်သမ္ဗန်ယာဉ်တွေကို အသုံးပြုကြပါတယ်။

စက်လှေစီးနင်းသူတဦးက “စီးဖြစ်တာကတော့ သမ္ဗန်က ပိုမြန်တယ်။ ချယ်ရီကကျတော့ ပိုလုံခြုံတယ်၊ စိတ်ချရတယ်ဆိုပေမဲ့ နာရီဝက်တစီးထွက်တော့ အလုပ်အရ အချိန်နှောင့်နှေးတာတွေ ဖြစ်တယ်။ စီးတဲ့အခါကျရင် ဟိုဘက်နဲ့ ဒီဘက်ကို ၅ မိနစ်ကနေ ၈ မိနစ်လောက်ပဲ ကြာတယ်။ အလုပ်အတွက် ပိုအဆင်ပြေလို့ စီးဖြစ်တယ်။ မိုးတွင်းဆိုရင်တော့ သင်္ဘောကြီးကို စီးဖြစ်တယ်။ သင်္ဘောကတော့ ၂၀၀ ပဲ ပေးရတယ်။ စက်လှေက ၃၀၀” လို့ ဆိုပါတယ်။

ရန်ကုန်မြစ်ကို ဖြတ်သန်းပြီး ခရီးသည်ပို့ဆောင်ပေးနေတာတွေအပြင် ဒလမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တို့ကနေ ရန်ကုန်ဆေးရုံကြီးကို အရေးပေါ်လူနာ လွှဲပြောင်းပေးရမှုတွေမှာလည်း စက်တပ်လှေတွေက လူနာတွေနဲ့ အရပ်ဘက် လူမှုကယ်ဆယ်ရေးအဖွဲ့တွေကို မြစ်ကူးပို့ဆောင်ကူညီပေးနေကြပါတယ်။

ဒီလိုပို့ဆောင်‌ပေးကြသူတွေထဲမှာ ဒလမြို့နယ်အတွင်းရှိ သမ္မတကမ်းခြေဆိပ်၊ ဒလကူးတို့ဆိပ်၊ ကမာကသွယ်ဆိပ်၊ ဆိပ်ကြီးခနောင်တို ကူးတို့ဆိပ်တွေက စက်လှေအသင်းသားတချို့ ပါဝင်တဲ့ ပရဟိတသမ္ဗန်အဖွဲ့နဲ့ ကိုယ်ပိုင်စက်လှေသမားတွေလည်း ပါဝင်နေပါတယ်။

အရေးပေါ်လွှဲပြောင်းလူနာတွေကို လက်ခံပို့ဆောင်ပေးနေတဲ့ လူမှုကူညီရေးအသင်း တာဝန်ရှိသူက “သူတို့မရှိရင် သွားရေးလာရေးက မလွယ်ဘူးလေ။ သူတို့ကလည်း ပရဟိတစိတ်ဓာတ်ရှိလို့သာ ကူညီကြတာပါ။ အသက်ချမ်းသာရာရဖို့နဲ့ ဆေးကုသမှုခံယူဖို့က သူတို့နဲ့လည်းဆိုင်တယ်။ အက်စီးဒန့်၊ ပိုးထိ၊ အဆိပ်သောက်တဲ့လူနာ၊ မွေးလူနာတွေဆို သူတို့က အားချင်း စင်းလုံးငှားပေးတယ်။ သမ္ဗန်ခ မတတ်နိုင်ဘူးဆိုလည်း ပရဟိတအဖွဲ့တွေကို လျှော့ပေးတယ်။ သမ္ဗန်ပရဟိတအဖွဲ့ရှိတယ်၊ ဒလဘက်ခြမ်းမှာပဲ ဖွဲ့ထားတယ်။ တောင်ပိုင်းခရိုင် အ‌နောက်ခြမ်းကနေဆို ရေနဲ့လာကြတယ်။ တချို့က ကုန်းကနေ ဖြတ်လာတာ ရှိတယ်။ အဲ့ဒီ ကုန်းပေါ်မရောက်ခင် တောရွာကနေ သမ္ဗန်စက်လှေနဲ့ အထမ်းတွေနဲ့ လာကြတယ်။ အဲ့ကနေမှ အသက်လုပြေးရတဲ့ လူနာတွေလည်း ရှိတယ်။ အရေးပေါ်ပြေးရတဲ့ လူနာတွေလည်း ရှိပါတယ်” လို့ ဆိုပါတယ်။

လက်ရှိမှာ စက်တပ်သမ္ဗန်ယာဉ်တွေကို အသုံးများနေပေမဲ့ ရန်ကုန် လမ်းမတော်မြို့နယ်ရှိ စဉ့်အိုးတန်းကူးတို့ဆိပ်နဲ့ ဒလမြို့နယ် ကမာကဆစ်ဆိပ်တို့ကို သွယ်တန်းဆောက်လုပ်မယ့် ၇၅ တန် ခံနိုင်ဝန်ရှိ ရန်ကုန်-ဒလ တံတားစီမံကိန်းလည်း ရှိနေပြီး အဲ့ဒီတံတားဟာ အရှည် ၁၈၆၈ မီတာ၊ အကျယ်မီတာ ၂၆ ဒသမ ၅၊ လေးလမ်းသွား၊ သံမဏိကြိုးဆိုင်းတံတား ဖြစ်တဲ့အပြင် ၂၀၂၄ နှစ် အစပိုင်းမှာ ဖွင့်လှစ်နိုင်ဖို့ စစ်ကောင်စီ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြင်ဆင်နေပါတယ်။

၂၀၂၃ နိုဝင်ဘာလအထိ ဒလမြို့နယ်နဲ့ ရန်ကုန်ကို ခရီးတိုပြေးဆွဲနေတဲ့ စက်တပ်သမ္ဗန်ယာဉ်တွေဟာ နန်းသီတာ-ဒလ သင်္ဘောဆိပ် သမ္ဗန် ၅၁ စီး၊ စဉ့်အိုးတန်း-ကမာကဆစ် ကူးတို့ဆိပ်၊ ဆိပ်ကြီးခနောင်တို ကူးတို့မှာ အစီးရေ ၈၀ လောက်နဲ့ ဗိုလ်တထောင်-သမ္မတကမ်းခြေ ကူးတို့ဆိပ်မှာ အစီးရေ ၄၀ ကျော် ရှိနေပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013