Home
မြန်မာသတင်း
ဆောနှင့် ကလေးမြို့တို့တွင် လက်နက်ကြီးကြောင့် ပြည်သူ ၃ ဦးသေဆုံး၊ ပျူရွာမှ ပြေးလာသူများကို ပုလဲပအဖ ကူညီ
DVB
·
November 27, 2023
Monastary_27112023

မကွေးတိုင်း၊ ဆောမြို့နယ်မှာ နိုဝင်ဘာ ၂၆ ရက် ညမှာ စစ်ကောင်စီရဲ့ အမြောက်တပ်က လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၂ ယောက်သေဆုံးကာ သံဃာတော် ၁ ပါးနဲ့ ပြည်သူ ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆောမြို့နယ်ပကဖကနေ သိရပါတယ်။

ဆောမြို့နယ်မှာ နိုဝင်ဘာ ၂၆ ရက် ည ၈ နာရီ ၁၀ မိနစ်လောက်မှာ မအတ ၃၆၈ ကျောက်ထုအမြောက်တပ်က ၁၂၀ မမ လက်နက်ကြီးနဲ့ ၃ ချက် ရမ်းကားပစ်ခတ်ခဲ့တာကြောင့် လက်နက်ကြီးကျည်တလုံးဟာ ပန်းဆန်ရွာဦးဘုန်းကြီးကျောင်းမှာ တည့်တည့် ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၂ ယောက် ပွဲချင်းပြီးသေဆုံးကာ ကျောင်းထိုင်လက်ထောက် သံဃာတော်တပါးနဲ့ ပြည်သူတယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆောမြို့နယ် ပကဖတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

သေဆုံးခဲ့တဲ့သူတွေကတော့ အသက် ၄၀ အရွယ် ဦးသိန်းဇော်နဲ့ အသက် ၃၅ နှစ်အရွယ် ဦးစည်သူမောင်တို့ဖြစ်ပြီး အသက် ၆၃ နှစ်အရွယ် ဦးမောင်လှနဲ့ လက်ထောက်ဆရာတော်လည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ လူနာတွေကိုတော့ ဆေးရုံကိုပို့ဆောင်ပေးပြီး အရေးပေါ် ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ အထိုင်စခန်းတွေနဲ့နီးတဲ့ နေရာတွေမှာ လက်နက်ကြီးကျည်၊ အမြောက်ကျည်တွေ ကျရောက်ပေါက်ကွဲနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံတဲ့ နေရာတွေမှာ နေထိုင်ကြဖို့ သတိပေးထားပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်‌မြောက်ပိုင်း၊ ပြည်တော်သာရွာမှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် မိခင်သေဆုံးပြီး သမီးဖြစ်သူ ဒဏ်ရာရကာ နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့တွင်း စစ်ကောင်စီ အမြောက်တပ်က‌နေ နိုဝင်ဘာ ၂၅ ရက် မနက် ၉ နာရီခွဲ ဝန်းကျင်လောက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

လက်နက်ကြီးကြောင့် ပြည်တော်သာရွာက ‌အသက် ၄၀ အရွယ် ဒေါ်လျန်ဒိတ်ကျိန် သေဆုံးသွားပြီး ၈ နှစ်အရွယ် သမီးဖြစ်သူကတော့ ညာဘက်ခြေထောက် ပြတ်သွားတယ်လို့ လက်ပံချောင်းရွာခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မြို့ထဲကနေ ရွာဘက်ကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ထုနေတာ။ အသင်းတော်က ဆရာရဲ့‌ အိမ်ရော ပေါင်းရင် ရွာထဲက နေအိမ် ၄ လုံး လက်နက်ကြီးမှန်ပြီး ပျက်စီးသွားတယ်။ ဘာကြောင့်ပစ်တယ်ဆိုတာတော့ မသိဘူး။ ရွာဘက်မှာ တိုက်ပွဲတွေလည်းမရှိဘူး။”

နိုဝင်ဘာ  ၂၃ ရက်ကလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ‌တင်သားရွာက အသက် ၅၀ အရွယ် ဒေါ်မာ‌ဝေဟာ လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ပါ‌သေးတယ်။

ပုလဲမြို့နယ်၊ ဇီးဖြူကုန်း (ပျူစောထီး) ကျေးရွာက ထွက်ပြေးလွတ်မြောက်လာသူ ၅ ဦးကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နိုဝင်ဘာ ၂၆ ရက်မှာ ငွေကြေး၊ စောင်နဲ့ မိုးကာတွေ ပေးအပ်ခဲ့တယ်လို့ မြို့နယ်ပအဖက ပြောပါတယ်။

ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင် ကိုဇော်ထက်က “မြို့နယ် ပကဖ အဖွဲ့နဲ့ ချိတ်ဆက်ပြီး နိုဝင်ဘာ ၂၄ ရက်နေ့က ထွက်လာကြတာပါ။ အမျိုးသမီးတဦးနဲ့ ကလေး ၃ ယောက်ရယ်၊ အသက် ၆၀ အရွယ် အမျိုးသားတဦးရယ်ပါ။ မိသားစုတစုကို ငွေ ၅ သောင်း၊ စောင်နဲ့ မိုးကာတို့ကို မြို့နယ်ပအဖက ထောက်ပံ့ပေးပါတယ်။ ထပ်မံ ဖြည့်စွက် ပြောလိုတာကတော့ ပျူရွာထဲက ပြည်သူတွေအနေနဲ့ အချိန်မီ ပြည်သူနဲ့အတူ အမြန်ဆုံး ပူးပေါင်းဖို့ ပြောချင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်ကလည်း ပုလဲမြို့နယ်၊ ဇီးဖြူကုန်း (ပျူစောထီး) ကျေးရွာမှ ထွက်ပြေးလွတ်မြောက်လာကြတဲ့ ကလေး ၃ ယောက်ပါ မိခင်နဲ့ အမျိုးသားတဦးတို့ကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မိသားစု ၂ စု အတွက် ထောက်ပံ့ငွေ ၁ သိန်း၊ မိုးကာနဲ့ ခြုံစောင်တွေ ကူညီထောက်ပံ့ပေးခဲ့ကြတာလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024