DVB Logo
Home
နိုင်ငံတကာ
အာဆီယံ၌ အင်္ဂလိပ်စာ အညံ့ဆုံးစာရင်းတွင် ထိုင်းပါဝင်
DVB
·
November 27, 2023
အာဆီယံ၌ အင်္ဂလိပ်စာ အညံ့ဆုံးစာရင်းတွင် ထိုင်းပါဝင်
Donate to DVB

ကမ္ဘာ့နိုင်ငံတွေရဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်တတ်မြောက်မှုအညွန်းကိန်းအရ အာဆီယံနိုင်ငံ တွေထဲမှာ ထိုင်းနိုင်ငံက အဆင့် ၈ နဲ့ အညံ့ဆုံးနိုင်ငံစာရင်းထဲ ပါဝင်နေပါတယ်။

အင်္ဂလိပ်စာကို မိခင်ဘာသာအဖြစ် အသုံးမပြုတဲ့ နိုင်ငံတွေရဲ့ အင်္ဂလိပ်စာတတ်မြောက်မှု အခြေအနေကို  နှစ်စဉ်လေ့လာ စစ်တမ်းကောက်ယူ ထုတ်ပြန်ပေးနေတဲ့ နိုင်ငံတကာပညာရေး သုတေသနအဖွဲ့တဖွဲ့ဖြစ်တဲ့ Education First (EF)  အဖွဲ့က ထုတ်ပြန်တဲ့ 2023 English Proficiency Index အညွှန်းကိန်းမှာ ဖော်ပြထားတာပါ။

ဒီစစ်တမ်းအရ အင်္ဂလိပ်စာ ကျွမ်းကျင်မှုအဆင့်ကို အလွန်မြင့်၊ မြင့်၊ ပျမ်းမျှ၊ နိမ့်၊ အလွန်နိမ့်ဆိုပြီး အုပ်စု ၅ စုခွဲပြီး ရမှတ်ညွှန်ကိန်းတွေအလိုက် ဖော်ပြထားခဲ့တာပါ။

အခုနှစ်ရဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှု အဆင့်အမြင့်ဆုံး နိုင်ငံအဖြစ် မနှစ်ကလည်း အဆင့် ၁ နေရာမှာ ရှိခဲ့တဲ့ နယ်သာလန်နိုင်ငံက ရမှတ် ၆၄၇ မှတ်နဲ့ ရှိနေပြီး သူ့ နောက်မှာတော့ အာဆီယံနိုင်ငံတနိုင်ငံဖြစ်တဲ့ စင်ကာပူ၊ ဩစတီးယား၊ ဒိန်းမတ်နဲ့ နော်ဝေနိုင်ငံတွေက ထိပ်တန်း ၅ နိုင်ငံအနေနဲ့ ရှိနေတာ ဖြစ်ပါတယ်။

EF အနေနဲ့ ခုလိုစစ်တမ်းကောက်ယူရာမှာ နိုင်ငံသားတွေရဲ့ တဦးချင်းဝင်ငွေ၊ အင်တာ နက်အသုံးပြုနိုင်မှု အခွင့်အလမ်း၊ ပညာရေးအတွက် ငွေကြေးသုံးစွဲမှု၊ အတန်းပညာသင် ယူတတ်မြောက်မှု၊ ပျမ်းမျှလူဦးရေစတဲ့ အခြေခံ အချက်အလက်တွေကတဆင့် အခြေခံ တွက်ချက်ထားတဲ့ ညွှန်ကိန်းတွေဖြစ်ပြီး အခုနှစ်မှာတော့ နိုင်ငံပေါင်း ၁၁၃ နိုင်ငံက အရွယ်ရောက်ပြီးသူ ၂ ဒသမ ၂ သန်းကို ဆန်းစစ်သုတေသနပြု တွက်ချက်ထားတာလို့ သိ ရပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာတော့ စင်ကာပူနိုင်ငံပြီးရင် ဖိလစ်ပိုင်နဲ့ မလေးရှားနိုင်ငံတွေက အင်္ဂလိပ်စာ ကျွမ်းကျင်မှုအဆင့်မြင့်တဲ့ နိုင်ငံအုပ်စုတွေထဲမှာ ပါဝင်နေပြီး ရမှတ် ၅၇၈ မှတ်၊ ၅၆၈ မှတ်စီ အသီးသီးနဲ့ ကမ္ဘာ့အဆင့် ၂၀ နဲ့  ၂၅  နေရာတွေမှာ ရပ်တည် နေပါတယ်။

အဲဒီနောက် ဗီယက်နမ်နိုင်ငံကတော့ အင်္ဂလိပ်စာ ကျွမ်းကျင်မှု ပျမ်းမျှအဆင့်အုပ်စုထဲ ရမှတ် ၅၀၅ မှတ်နဲ့ ကမ္ဘာ့နိုင်ငံတွေထဲ အဆင့် ၅၈ နေရာမှာ ရှိနေပါတယ်။

အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံတွေကတော့ အင်္ဂလိပ်စာ ကျွမ်းကျင်မှုအဆင့်နိမ့်တဲ့ နိုင်ငံ အုပ်စုတွေထဲမှာ ပါဝင်နေပြီး ရမှတ် ၄၇၃ မှတ်၊ ၄၅၀ မှတ်စီ အသီးသီးနဲ့ ကမ္ဘာ့အဆင့် ၇၉ နဲ့  ၉၀  နေရာတွေမှာ အသီးသီး ရပ်တည်နေပါတယ်။

အဲဒီနောက်မှာတော့ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံတွေက အင်္ဂလိပ်စာ ကျွမ်းကျင်မှုအဆင့် အလွန်နိမ့်တဲ့ နိုင်ငံအုပ်စုတွေထဲမှာ ပါဝင်နေပြီး ရမှတ် ၄၂၁ မှတ်၊ ၄၁၆ မှတ်စီ အသီးသီးနဲ့ ကမ္ဘာ့အဆင့် ၉၈ နဲ့  ၁၀၁  နေရာတွေမှာ အသီးသီး ရပ်တည်နေပါတယ်။

အခုနှစ်ရဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်မှုအဆင့် ထုတ်ပြန်ချက်ထဲမှာ အာဆီယံနိုင်ငံတွေထဲက ဘရူနိုင်း၊ လာအိုနဲ့ တီမော နိုင်ငံတွေကတော့ စာရင်းမှာ ပါဝင်ခြင်း မရှိပါဘူး။ 

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံကတော့ အဆင့် ၂၉ နဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်မှုအဆင့်မြင့်တဲ့ အုပ်စုထဲမှာပါဝင်နေပြီး အိန္ဒိယနိုင်ငံကတော့ အဆင့် ၆၀ နဲ့ ပျမ်းမျှအဆင့် အုပ်စုထဲမှာ ပါဝင် နေတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013