DVB Logo
Home
Lead Story
အဆုံးသတ်တိုက်ပွဲ ငါတို့နွှဲရမည်
DVB
·
November 27, 2023
အဆုံးသတ်တိုက်ပွဲ ငါတို့နွှဲရမည်
Donate to DVB

“အရေးကြီးပြီ၊ ညီနောင်အပေါင်းတို့

သွေးစည်းကာ ညီစေညီကြစို့

ငါတို့ရဲ့သမိုင်းသစ်ကို

ငါတို့သွေးနဲ့ရေးခဲ့ပြီ”

ဆိုသောသီချင်းကို တော်လှန်ရေးအစကတည်းက ကျ‌နော်တို့ သီဆိုခဲ့ကြသည်။ ညတိုင် သံပုံးတီး ကာလများတွင်လည်းကောင်း၊ ဆန္ဒပြရာတွင်လည်းကောင်း သီဆိုခဲ့ကြသည်။ ရိုးရိုးတန်းတန်း မဟုတ်၊ အားနဲ့မာန်နဲ့ သီဆိုခဲ့ကြခြင်းဖြစ်သည်။ သီချင်းဆိုနေစဥ်ဖြစ်စေ၊ သီချင်းသံကြားရာ၌ ဖြစ်စေ ကြက်သီးထလောက်သည်အထိ ရဲစိတ်ရဲမာန်၊ အားမာန်ပြည့်လျှမ်းလာခဲ့ကြသည်။ ၈၈ ခုနှစ် အရေးတော်ပုံကြီးမှ ပေါ်ပေါက်လာသည့် သီချင်းဖြစ်သော်လည်း ယနေ့ ၂၀၂၁ လူငယ်တွေအထိ လွှမ်းမိုးစိမ့်ဝင်စေခဲ့သော သီချင်းကြီးတပုဒ် ဖြစ်လေသည်။ ကျ‌နော်တို့သည် ထိုသီချင်းကို သီဆိုရုံမျှသာမဟုတ်၊ ထိုသီချင်းမှပေးသော ခံစားချက်၊ ခံယူချက်များအတိုင်း လက်တွေ့ နွေဦးတော်လှန်ရေးကို ဆင်နွှဲခဲ့ကြပါသည်။ ဆင်နွှဲလျက်ရှိပါသည်။

အဆုံးသတ်တိုက်ပွဲရောက်လာခဲ့ပြီ

တော်လှန်ရေးကာလ နှစ်နှစ်ကျော်ကြာ၊ သုံးနှစ်သို့ ချဥ်းကပ်လာသည့် လက်ရှိကာလမှာတော့ နွေဦးတော်လှန်ရေးသည် ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ အချိုးအကွေ့တခုသို့ ရောက်ရှိလာခဲ့ပါသည်။ နွေဦးတော်လှန်ရေးကာလတလျှောက် ထင်မှတ်မထားသော အရှေ့မြောက်ဒေသမှ စစ်ဆင်ရေးကြီးတခု စတင်ဆင်နွှဲခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ထင်မှတ်မထားသောနေရာမှ စတင်ခဲ့သော စစ်ဆင်ရေးသည် ထင်မှတ်မထားသော စွမ်းဆောင်မှုများကို ယူဆောင်လာခဲ့ပေသည်။ ထိုစစ်ဆင်ရေးသည် ပြည်သူများတင်မက ရန်သူ့စစ်တပ်များကိုပါ များစွာအံ့အားသင့်စေခဲ့သည်။ ထိုးစစ်စတင်ပြီဟု ကြေညာလိုက်ကတည်းက သိမ်းလိုက်၊ တိုက်လိုက်၊ ရလိုက်သည်မှာ တစခန်းတစခန်း၊ တကုန်းပြီးတကုန်း၊ တမြို့ပြီးတမြို့၊ လက်နက်ခဲယမ်းများကလည်း တောင်ပုံရာပုံ။ လက်နက်ခဲယမ်းတင်လားဆိုတော့ ဒါတင်မက၊ တင့်ကားပါသည်၊ အတွဲလိုက်ပစ်ယာဥ်တွေ ပါသည်။ စက်လတ်တွေပါသည်။ မနည်းမနော။ ပြီးတော့ ရန်သူ့ဘက်မှ မှားယွင်းချပေးလာသော ပစ္စည်းများလည်းပါသည်။ ဒါက ရုပ်ဝတ္ထုပစ္စည်းပိုင်းပဲ ရှိသေးသည်။

သေရဲတဲ့ကောင်ထွက်ခဲ့ဆိုကာ လက်နက်မဲ့ ပြည်သူများအပေါ် လက်နက်အားကိုးနှင့် အနိုင်ကျင့်ခဲ့သော အကြမ်းဖက်စစ်သားများအကြောင်းကလည်း မပြောလို့မပြီး။ လက်နက်ကိုင် အချင်းချင်းတွေ့တော့ကျ သေလိုက်တာမှ အတုံးအရုံး။ တချို့စခန်းများဆိုလျှင် မိနစ်ပိုင်းအတွင်း ရရှိသည်ဟု သိရသည်။ တချို့မိုက်ရူးရဲဆန်သူများကတော့ ခံတိုက်ရင်း ငရဲပြည်သို့ ရောက်ရှိသွားကြသည်။ ဒီကြားထဲ အသက်သေမှာကြောက်လို့ အမြင်မှန်ရလာသော အကြမ်းဖက်စစ်သားများလည်း တွေ့ရသည်။ ပြည်သူတရပ်လုံးကလည်း မထောက်ခံတာကို သူတို့သိသွားကြသည်။ ဆက်ပြီး မိုက်ရူးရဲဆန်စွာ ခံတိုက်လျှင်လည်း ဘယ်လိုမှမယှဥ်သာဘဲ ငရဲသွားရတော့မှာကို သူတို့ သဘောပေါက်သွားကြသည်။

၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်တပ်ထောက်ခံသူများကြားတွင်လည်း ပွက်လောညံကာ ဖာတန်းမီးလောင်သလိုပင် ရှိတော့သည်။ တချို့က သူတို့အဘ၏ ညံ့ဖျင်း စုတ်ချာသော အရည်အချင်းကို သိလာကြသည်။ အဘကိုကျိန်ဆဲနေ၊ ဒေါကန်နေသည်မှာ မြင်လို့ပင် ကောင်းလှသည်။ မြင်လို့၊ ဖတ်လို့ ကောင်းလှပါသည်။ တချို့အုပ်စုကတော့ မီးစာကုန် ဆီခန်းနေသော အဖွဲ့အစည်းအအိုကြီးက ယခင်ကလိုထင်ကာ မီးကုန်ယမ်းကုန်ကြမ်းဖို့ လောဆော်နေတော့သည်။ ပြည်သူ့ထောက်ခံမှုမရှိ၊ စိတ်ဓာတ်မရှိ၊ အရည်အချင်းမရှိဘဲ အနိုင်ရချင်နေသော ဉာဏ်နည်းသူတို့ ဖြစ်ကြသည်။ လက်နက်ပိုင်းကလွဲရင် စစ်တပ်တွင်း ဘာမှ မကျန်တော့။ ဒါတောင် လက်နက်ခဲယမ်း၊ လေကြောင်းပစ်ကူမှာလည်း အကန့်အသတ်နှင့် ဖြစ်လာခဲ့သည်။

တခြားတဖက်မှာတော့ ပြည်သူတို့၏ တော်လှန်ရေးသည် တလှိုင်းပြီးတလှိုင်း ဆိုသလိုပင် တနေရာပြီး တနေရာ စစ်ဆင်ရေးများ ပေါ်ပေါက်လာခဲ့သည်။ ပေါ်ပေါက်လာတော့မည်။ ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ မရှေးမနှောင်းမှာပင် ၁၁၀၇ စစ်ဆင်ရေး၊ ၁၁၁၁ စစ်ဆင်ရေးများ ပေါ်ပေါက်လာခဲ့သည်။ ထိုနည်းတူ စစ်ကိုင်းတိုင်းတွင်လည်း မြို့သိမ်းတိုက်ပွဲများ ပေါ်ထွက်လာခဲ့ပေသည်။ မကြာသေးမီကဆို ရခိုင်ဒေသတွင်ပင် စစ်ဆင်ရေးများ ပြန်လည် ကြားလာခဲ့ရပေသည်။ ချင်းပြည်နယ်တွင်လည်း စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ ရှိလာခဲ့ပေသည်။ ကျန်ဒေသများတွင်လည်း၊ အထူးသဖြင့် ကရင်ပြည်နယ်တွင်လည်း လူထုအားနှင့်အတူ ပိုမိုအားကောင်းပြင်းထန်သော လှိုင်းလုံးကြီးများ  ပေါ်ပေါက်လာတော့မည် ဖြစ်ကြောင်း မကြာသေးမီရက်ပိုင်းက KNU ခေါင်းဆောင်ပိုင်းက ထုတ်ပြန်အသိပေးခဲ့သည်။

သို့ဖြစ်ရာ ခြုံငုံပြောရလျှင် စစ်တပ်သည် ဘယ်တုန်းကမှ မကြုံခဲ့ဘူးသော ပြည်သူ့ဆန့်ကျင်တွန်းလှန်မှု အမုန်းတရားကို ပြင်းပြင်းထန်ထန် ခံနေကြရပြီဖြစ်သည်။ စစ်တပ်သည် ဘယ်သောအခါမှ မတွေးခဲ့ဘူးသော စစ်မျက်နှာပေါင်းစုံကို ရင်ဆိုင်နေရပြီ။ ရင်ဆိုင်ဖို့ရန်အတွက် အကန့်အသတ်ရှိသော လေကြောင်းနှင့် လက်နက်ကြီးပစ်ကူမှလွဲ၍ ပြည်သူ့ထောက်ခံမှု၊ စိတ်ဓာတ်၊ စွမ်းရည် ဘာမှမရှိတော့ပြီ။ စစ်တပ်သွေးပျက်နေပြီ။ နောက်ဆုံးထွက်သက်ကို ရောက်ရှိနေပြီ။ ကြောက်အားလန့်အား ဟိုကန်ဒီကန် ငြင်းဆန်ရုန်းကန်နေချိန်သို့ ရောက်ရှိနေပါသည်။

သို့ဖြစ်ပါ၍ ပြည်သူတွေရော၊ တော်လှန်ရေးအင်အားစုများပါ အရေးကြီးပြီ သီချင်းထဲကလိုပင် ညီညီညွတ်ညွတ်နှင့် အဆုံးသတ်တိုက်ပွဲ အောင်မြင်သည်အထိ ချီတက်သွားကြဖို့ တိုက်တွန်းလိုက်ရပါသည်။

တင်ဦး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
အဆုံးသတ်တိုက်ပွဲ ငါတို့နွှဲရမည်