
အစ္စရေး-ဟားမတ်စ် တိုက်ပွဲကို ယာယီအပစ်ရပ်ထားတဲ့ ၄ ရက်တာကာလအတွင်း နိုဝင်ဘာ ၂၅ ရက်က ဒုတိယအသုတ် ဓားစာခံအလဲအလှယ် ပြုလုပ်ခဲ့ကြပါတယ်။
ဟားမတ်စ်အဖွဲ့ကနေ လွတ်မြောက်လာတဲ့ဓားစာခံတွေထဲမှာ အစ္စရေး ၁၃ ဦးနဲ့ ထိုင်းဓားစာခံ ၄ ဦးတို့ပါဝင်ပြီး သူတို့ကို တင်ဆောင်လာတဲ့ အဖြူရောင် ဘတ်စ်ကားတစီးကို ပြသထားတဲ့ ဗီဒီယိုကို နိုဝင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ပြန်လွတ်လာသူတွေဟာ အရင်ဆုံး ဆေးဘက်ဆိုင်ရာ အကဲဖြတ်မှု ခံယူပြီးရင် အစ္စရေးဆေးရုံတွေမှာ သူတို့မိသားစုတွေနဲ့ ပြန်ဆုံကြဖို့အတွက် IDF စစ်သားတွေနဲ့ ဆက်လက် လိုက်ပါသွားရဖို့ရှိပါတယ်။
ဟားမတ်စ်နဲ့ ဓားစာခံလဲလှယ်ရေး သဘောတူညီချက်အရ ဒုတိယအသုတ် အဖြစ် အကျဉ်းထောင် နှစ်ခုကနေ အမျိုးသမီး ၆ ဦးနဲ့ ကလေး ၃၃ ဦးအပါအဝင် ပါလက်စတိုင်းအကျဉ်းသား ၃၉ ဦးကို အစ္စရေးအာဏာပိုင်တွေက လွှတ်ပေးခဲ့ကြောင်း ပါလက်စတိုင်း သတင်းအေဂျင်စီ WAFA က ဖော်ပြပါတယ်။
ရာနဲ့ချီတဲ့ ပါလက်စတိုင်းသားတွေဟာ လွတ်မြောက်လာတဲ့ အကျဉ်းသားတွေကို နိုဝင်ဘာ ၂၆ ရက်က အနောက်ဘက်ကမ်းမှာ ကြိုဆိုခဲ့ကြပြီး အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို ကြက်ခြေနီယာဉ်တွေထဲကို ခေါ်ဆောင်သွားခဲ့ကြပါတယ်။
ဟားမတ်စ်အဖွဲ့က အစ္စရေးဓားစာခံ ၁၃ ဦးနဲ့ နိုင်ငံခြားသား ၄ ဦးတို့ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီကို နိုဝင်ဘာ ၂၅ ရက် ညပိုင်းမှာ လွှဲပြောင်းပေးခဲ့ကြောင်း ကာတာ နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့ပါတယ်။
ဂါဇာစစ်ပွဲရဲ့ ပထမဆုံး အပစ်အခတ်ရပ်စဲရေးကာလရဲ့ ၂ ရက်မြောက်အတွင်း အစ္စရေးအမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ အပါအဝင် ဓားစာခံ ၁၇ ဦးကို ဟားမတ်စ်တို့က လွှတ်ပေးခဲ့ကြောင်း ကြက်ခြေနီအဖွဲ့က ပြောကြားခဲ့ပါတယ်။
Source/Photo - Reuters










