DVB Logo
Home
မြန်မာသတင်း
ထားဝယ်နှင့် စလင်းမြို့တို့တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
DVB
·
November 26, 2023
ထားဝယ်နှင့် စလင်းမြို့တို့တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ဝင်ဂိတ်က စစ်ကောင်စီတပ်သားတွေ ဒီမနက်ပိုင်းက တိုက်ခိုက်ခံရပြီး မကွေးတိုင်း၊ စလင်းမြို့နယ်မှာလည်း လင်းဇင်းရဲစခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၁ ယောက်သေ၊ ၁ ယောက် ဒဏ်ရာရတယ်လို့ သိရပါတယ်။

ထားဝယ်မြို့ကို မြိတ်မြို့ဘက်ကအဝင် အမှတ် ၈ ပြည်ထောင်စုကားလမ်းမပေါ်က ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ် နိုဝင်ဘာ ၂၆ ရက် ဒီနေ့ မနက် ၅ နာရီလောက်က တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဒေသခံတယောက်က “မနက်အစောကြီး လက်နက်ကြီးအသံတွေ စကြားရတယ်။ ပြီးမှ ပစ်သံခတ်သံတွေ ကြားရတယ်။ ခဏလောက်ငြိမ်ပြီး လက်နက်ကြီးသံ ဆက်ကြားရတယ်” လို့ ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်မှာတော့ ပေါက်တိုင်းတံတားကို ဖြတ်သန်းခွင့်ပိတ်ထားပြီး ထားဝယ်မြို့နယ်၊ ကျောက်ရပ်ရွာမှာလည်း စစ်ကောင်စီတပ်သားတွေ ရောက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက လာရောက်လုပ်ဆောင်ခဲ့တယ်ဆိုတာ မသိရသေးသလို

ထိခိုက်မှုအခြေအနေကိုလည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။ 

ပေါက်တိုင်းတံတားဂိတ်ဟာ ထားဝယ်မြို့အဝင်ဂိတ်တခုဖြစ်ပြီး နိုဝင်ဘာ ၁၉ ရက် ကလည်း ဂိတ်အနီးနားက လယ်ပြင်ထဲမှာပေါက်ကွဲမှုတခုဖြစ်ခဲ့တာကြောင့် စစ်သားအင်အားတိုးထားပြီး ဘန်ကာတွေလည်း အခိုင်အမာ ပြန်ပြုပြင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ထားဝယ်မြို့အဝင်မှာ ပေါက်ကွဲသံ၊ ပစ်ခတ်သံတွေကြားနေရပေမဲ့ ထားဝယ်မြို့တွင်း မှာတော့ နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်ပွဲကို လုံခြုံရေးတင်းကျပ်ပြီး ကျင်းပနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မကွေးတိုင်း စလင်းမြို့နယ်မှာ နိုဝင်ဘာ ၂၅ ရက်နေ့ညက လင်းဇင်းနယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီး ၁ ယောက်သေဆုံး၊ ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ စလင်းမြို့နယ် ပကဖ လက်အောက်ခံ ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့ဆီကနေ သိရပါတယ်။

အဲဒီရဲစခန်းမှာ ရဲနဲ့ စစ်ကောင်စီတပ်သား အင်အား ၃၀ လောက် ပျော်ပါး သောက်စားနေကြချိန် ည ၁၂ နာရီလောက်မှာ ၄၀ မမ ၃ လုံးနဲ့ ပစ်ခတ်ခဲ့ပြီး ရဲစခန်းထဲမှာ ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ခံ ကိုသတ္တိက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၁ ယောက်သေဆုံးကာ ၁ ယောက်အပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ တပ်တွင်းသတင်းပေးတွေဆီကနေ သိရှိရပြီး ပြောက်ကျားတပ်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ကြဘူးလို့ ပြောပါတယ်။

စလင်းမြို့နယ်မှာ နိုဝင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းကလည်း စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က အယောက် ၃၀ ထက်မနည်းသေဆုံး၊ ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ မင်းဘူးခရိုင် တပ်ရင်း ၂ ဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013