DVB Logo
Home
မြန်မာသတင်း
ကိုးကန့် စစ်ဘေးဒုက္ခသည်များကို တရုတ်က မျက်ရည်ယိုဗုံးသုံးပြီး မောင်းထုတ်
DVB
·
November 26, 2023
ကိုးကန့် စစ်ဘေးဒုက္ခသည်များကို တရုတ်က မျက်ရည်ယိုဗုံးသုံးပြီး မောင်းထုတ်
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသ လောက်ကိုင်မြို့၊ တရုတ်နယ်စပ်စည်းရိုးနား နယ်ခြားမှတ်တိုင် ၁၂၅ နားမှာ တိုက်ပွဲရှောင်နေတဲ့ ကိုးကန့်စစ်ဘေးဒုက္ခသည်တွေကို နိုဝင်ဘာ ၂၅ ရက်နေ့ မွန်းလွဲပိုင်းမှာ တရုတ်ရဲတွေက မျက်ရည်ယိုဗုံးသုံးပြီး မောင်းထုတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နယ်စပ်ဒေသခံတယောက်က "မျက်ရည်ယိုဗုံး‌တွေ၊ နံပါတ်တုတ်တွေအပြင် တခြားပစ္စည်းတွေနဲ့ အတင်းအဓမ္မ နှင်ထုတ်ခံခဲ့ရတယ်" လို့ ပြောပါတယ်။

တိုက်ပွဲပြင်းထန်လာတာကြောင့် ထိတ်လန့်ပြီး တဖက်နိုင်ငံက နယ်ခြားစောင့် ရဲ‌တွေဆီ အကူအညီ သွားတောင်းခဲ့ပေမယ့် အကူအညီမရခဲ့တဲ့အပြင် စာနာစိတ်မရှိဘဲ မွေးကင်းစ အရွယ်ကလေးအပါအဝင် သက်ကြီးရွယ်အိုတွေပါ ပါပေမယ့် မျက်ရည်ယိုဗုံး ပစ်ခံခဲ့ရပြီး မျက်ရည်ယိုဗုံးရဲ့ ဒဏ်ကိုပြင်းပြင်းထန်ထန်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

တချို့ကလည်း နယ်ခြားစည်းရိုးအောက်ခြေကနေ သံဆူးကြိုးတွေဖြတ်ပြီး နယ်စပ်ဖြတ်ကျော် ခိုးဝင်တာတွေလည်းရှိတယ်လို့ နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။

လောက်ကိုင်ရောက် လူငယ်တယောက်က “မနေ့က ၈ ခါ ရှိတယ်။ လေယာဉ်နဲ့ ဗုံးလာကြဲတာ။ လောက်ကိုင်မြို့ထဲတော့ မဟုတ်ဘူး။ မြို့ပြင်ပတ်ဝန်းကျင်မှာ။ ဒီနေ့ နောက်ဆုံးထား လောက်ကိုင် မြို့ထဲကထွက်ရမှာ” လို့ ပြောပါတယ်။

လောက်ကိုင်မြို့ပေါ်မှာတော့ လျှပ်စစ်မီးနဲ့ ဖုန်းလိုင်းတွေဖြတ်ခံထားရတဲ့အပြင် ရေမရ၊ ကုန်ဈေးနှုန်းတွေ အဆမတန်တက်လာပြီး ဘာမှဝယ်မရတဲ့ အခြေအနေ ဖြစ်လာတာကြောင့် တော်တော် အခက်အခဲ ဖြစ်ရတယ်လို့ သူက ဆက်ပြောပါတယ်။

အစားအသောက် မရှိတော့တာကြောင့် တချို့လူတွေက ကြံကိုချိုးပြီးစားနေကြရတယ်လို့ ဆိုပါတယ်။

လောက်ကိုင်မြို့အထွက် ပါစင်ကျော်ရွာအနီးက တောလမ်းအတိုင်း ဆိုင်ကယ်နဲ့ ပြန်ရတာပို အဆင်ပြေပြီး ‘ဝ’ ဒေသ နမ့်တစ် - တန့်ယန်း - လားရှိုး လမ်းအတိုင်း ပြန်ရတယ်လို့ အဲဒီကနေ ပြန်လာသူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013