DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်ခရိုင်တွင်  Local PDF များ ရိက္ခာ အခက်ကြုံ    
DVB
·
November 26, 2023
ယင်းမာပင်ခရိုင်တွင်  Local PDF များ ရိက္ခာ အခက်ကြုံ    
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်မှာ ရိက္ခာရှားပါးပြတ်နေပြီး ဆန် ၁ အိတ်ကို ကျပ်  ၈၀၀၀၀ လောက်နဲ့  ဝယ်စားနေရတယ်လို့   ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  Local PDF တွေထံက သိရပါတယ်။ 

ယင်းမာပင်ဒေသမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားခဲ့တာ၊ စစ်ကောင်စီက နေအိမ် တွေ၊ စပါးကျီတွေနဲ့ သိုလှောင်ထားတဲ့ရိက္ခာတွေကို ဖျက်ဆီးခဲ့တာ၊ စိုက်ပျိုးချိန်မှာ ကောင်းကောင်းမစိုက်နိုင်ခဲ့တာ၊ ရာသီဥတုမကောင်းဘဲ မိုးများတာစတဲ့ အချက်တွေကြောင့် ဒေသတွင်းရိက္ခာရှားပါးမှုနဲ့ ကြုံတွေ့လာရတယ်လို့ ယင်းမာပင်ဟိန္နက အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ပုလဲ-ယင်းမာပင်နယ်ဟာ စစ်ကိုင်း-မကွေး-ချင်း ဒေသတွင်းဆက်သွယ်ရေးလမ်းအတွက် အရေးပါတဲ့ ဒေသဖြစ်တာကြောင့် လက်နက်ကိုင်တော်လှန်ရေးအစပိုင်းကတည်းက စစ်ကောင်စီရဲ့ ဖိအားပေးတိုက်ခိုက်တာတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ ဒေသဖြစ်ပါတယ်။

ယင်းမာပင် ဟိန္နက အဖွဲ့တာဝန်ရှိသူ ကိုကင်းက "ယင်းမာပင်မြို့နယ်မှာရှိတဲ့ ရွာလေးတွေ တော်တော်များများမှာပေါ့ Local PDF လေးတွေက အလှူခံဖို့ရာအတွက် အခက်အခဲတွေ အများကြီးရှိတယ်ဗျ။ မြို့နယ်ရဲ့ ခွင့်ပြုချက်မရှိတာ ရွာက ပကဖတွေက ခွင့်ပြုချက် မပေးတာတို့ဆိုရင် ကျနော်တို့မှာ တော်တော်များများအလှူခံဖို့ရာ အခက်အခဲရှိတယ်။ ခုကာလမှာဆိုရင် မိုးတွေဘာတွေ ရွာနေတဲ့အခါ အရင်ရက်ကဆိုရင် ဥတုပျက်ပြီးတော့ မုန်တိုင်းပုံစံမျိုးဖြစ်လိုက်တော့ ကျနော်တို့ အလှူသွားခံမယ့် ရွာလေးတွေကျတော့၊ ပြောထားပြီးပြန်တော့လည်း စပါးတွေက ရိတ်နေတဲ့အချိန်ကာလလည်းဖြစ်တယ်၊ မိုးများပြီး အညှောင့်တွေပေါက်နေတဲ့အခါကြတော့ ကျနော်တို့ အလှူခံဖို့ရာအတွက် ပြန်လာရတာပေါ့ဗျာ အဆင်မပြေဘူးပေါ့။ ကျနော်တို့ တဖွဲ့တည်း ဖြစ်နေတာမဟုတ်ပါဘူး၊ Local တွေတော်တော်များများ ကြုံတွေ့နေရတယ်ဗျ။ သူတို့လက်ရှိပေါက်ဈေးဆိုရင် ဆန်ကွဲတတင်းခွဲ တအိတ်ကို ရှစ်သောင်း ပတ်ခြာလည်ရှိတယ်ဗျ။ အဲ့ဒီဟာကို ကျနော်တို့ ဝယ်စားနေရတာ အခုလက်ရှိအနေအထားမှာဆိုရင်”လို့ ပြောပါတယ်။

မြေပြင်မှာဖြစ်ပေါ်နေတဲ့ ပြည်သူတွေနဲ့ဒေသတွင်း PDF တွေရဲ့ အခက်အခဲတွေကို အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူတွေက ကြားသိနားလည်ထားပြီး အကူအညီပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ NUG သမ္မတရုံးတာဝန်ရှိသူကပြောပါတယ်။ 

မြေပြင်မှာ ဆက်သွယ်ရေးနဲ့ခရီးလမ်းတွေပိတ်ဆို့နေတာ၊ ငွေကြေးပေးပို့ထောက်ကူဖို့ အကန့်အသတ်တွေရှိနေတာ စတဲ့အချက်တွေဟာ ပြည်သူတွေကို အကူအညီပေးနိုင်ဖို့ အဟန့်အတားဖြစ်နေတယ်လို့ NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က  ပြောပါတယ်။

"အခက်အခဲတွေကတော့ ရှိတယ်ပေါ့။ အခက်အခဲဆိုတာ ထောက်ပို့ကအစ အဲ့ဒါတွေမှာ ကြိုးပမ်းဆောင်ရွက်နေတယ်။ တော်လှန်ရေးအင်အားစုတွေ ပြည်တွင်းက ရဲဘော်တွေရဲ့ လိုအပ်ချက်တွေကို MOD ကနေပြီးတော့ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနေတယ်။ အခက်အခဲ အကျပ်အတည်းတွေ ကြားထဲကနေပြီးတော့ စွမ်းစွမ်းတမံနဲ့ အသက်ပေးပြီးတော့ တိုက်ပွဲဝင်တဲ့ အောင်ပွဲတွေခံနေတဲ့ ကျနော်တို့တော်လှန်ရေးရဲဘော်တွေအားလုံးကို အလေးပြုဂုဏ်ယူပါတယ်။ ကျနော်တို့ အတတ်နိုင်ဆုံးလုပ်နေပါတယ်။"

မြေပြင်မှာ အခက်အခဲတွေရှိနေပေမယ့် တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီနဲ့ အပြိုင် နယ်မြေထိန်းချုပ်နိုင်ရေးကို ကြိုးစားနေဆဲဖြစ်ပါတယ်။

နိုဝင်ဘာ ၂၁ ရက် ညနေ ၄ နာရီဝန်းကျင်မှာ မကွေးတိုင်း ပခုက္ကူနဲ့ ရေစကြိုမြို့နယ်ကိုချိတ်ဆက်ထားတဲ့ ဆက်သွယ်ရေးလမ်းမကြီးပေါ်က ပန်းတိုင်းခြုံကျေးရွာ စစ်ကောင်စီဂိတ်ကို ဒေသတွင်း PDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘန်ကာ ၄ ခုပျက်စီးပြီး စစ်သားတချို့သေဆုံးမှုတွေရှိခဲ့တယ်လို့  ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) တာဝန်ရှိသူ ကိုဆာန် က ပြောပါတယ်။

"တိုက်ပွဲကြာချိန်က စုစုပေါင်း ၁ နာရီ မိနစ် ၃၀ အထိကြာတယ်။ ဒီအချိန်မှာ ဘန်ကာ ၄ ခုကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်။ အဲ့ဒီအချိန်နောက်ပိုင်းမှာတော့ စစ်ကောင်စီရဲ့စစ်ကြောင်းပေါ့ ပခုက္ကူက တပ်မ ၁၀၁ လို့ သိရတယ်။ အင်အား ၁၀၀ လောက်။ ပုံမှန်ဆက်သွယ်ရေးလမ်းမ ၂ခုကိုမလာဘဲနဲ့ တောလမ်းထဲကနေဝင်ပြီးတော့ ရွာကိုပြန်ဝိုင်းတယ်။ ရွာထဲမှာရှိတဲ့ ကျနော်တို့ ကလေးတွေအားလုံး အချိန်မီပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်။"

စစ်ကိုင်း၊ မကွေး၊ ချင်းပြည်နယ်တို့ပါဝင်တဲ့ အနောက်မြောက်တိုင်းစစ်ဒေသဟာ အာဏာသိမ်းဖြစ်စဉ်အပြီးမှာ စစ်ကောင်စီရဲ့ အဆိုးဆုံး ဖိအားပေးတာကို ခံခဲ့ရတဲ့ဒေသဖြစ်ပါတယ်။

Data For Myanmar အဖွဲ့ရဲ့ နိုဝင်ဘာလအထိ ထုတ်ပြန်ချက်တွေအရ  ၂ နှစ်ခွဲကျော် ကာလအတွင်း စစ်ကိုင်းတိုင်းမှာ နေအိမ် ၅၈၀၀၀ ကျော်၊ မကွေးတိုင်းမှာ နေအိမ် ၁၁၀၀၀  ကျော်၊ ချင်းပြည်နယ်မှာနေအိမ် ၁၆၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ စားဝတ်နေရေးအခက်အခဲကြုံနေရပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013