DVB Logo
Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းနှင့် ရေးမြို့က ရဲ ၂ ဦး ယနေ့ အလင်းဝင်လာ
DVB
·
November 25, 2023
ပုဏ္ဏားကျွန်းနှင့် ရေးမြို့က ရဲ ၂ ဦး ယနေ့ အလင်းဝင်လာ
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်က ရဲတပ်ကြပ်တယောက်ဟာ တော်လှန်ရေးတပ်ဆီကို ဒီနေ့ လက်နက်ချအလင်းဝင်ခဲ့ပြီး ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့မှာလည်း ဒုရဲအုပ် တယောက်ဟာ ရက္ခိုင့်တပ်တော် အေအေဆီမှာ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စစ်ကောင်စီဘက်သားတယောက် အခုလို အလင်းဝင်လာတာ ပထမဆုံးဖြစ်ပြီး ခေါဇာမြို့နယ်ခွဲ ရဲစခန်းက ကိုယ်ပိုင်အမှတ် လ/ ၁၅၅၀၀၅၊ ရဲတပ်ကြပ် မင်းနောင်ဟာ သူကိုင်ဆောင်တဲ့ G-3 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည်အတောင့် ၁၀၀ တို့ကို နိုဝင်ဘာ ၂၅ ရက် ဒီနေ့မှာ YGF-ရေး ပြောက်ကျားတပ်ဆီကို အပ်နှံ အလင်းဝင်ရောက်လာတာလို့ ထုတ်ပြန်ထားပါတယ်။

အလင်းဝင်ရောက်လာတဲ့ ရဲတပ်ကြပ်ဟာ အကြမ်းဖက်စစ်ကောင်စီက ပြည်သူတွေကို အကြောင်းမဲ့သတ်ဖြတ်တာကို မနှစ်မြို့တာ၊ ပြည်သူတွေရဲ့ အိုးအိမ်နဲ့ စည်းစိမ်တွေကို မီးရှို့ဖျက်ဆီး၊ လုယက်ယူဆောင်၊ မတရားသိမ်းဆည်း ခိုးယူတာကို ရွံရှာတာ၊ အာဏာရှင်တစုနဲ့ အာဏာရှင်စနစ်အတွက် ကျွန်လို လုပ်ကိုင်ရတာကို မုန်းတီးတာ စတဲ့ အကြောင်းအမျိုးမျိုးကို ​အမှား၊ အမှန် ခွဲခြားသိမြင်ပြီး အကြမ်းဖက် စစ်ကောင်စီ လက်အောက်မှာ တာဝန်မထမ်းဆောင်နိုင်တော့တာကြောင့် အခုလို အလင်းဝင်လာတာလို့ ဆိုပါတယ်။

YGF-ရေး ပြောက်ကျားတပ်အနေနဲ့ မွန်ပြည်နယ်ထဲက တော်လှန်ရေးတပ်တွေရဲ့ ကိုယ်စား ပြည်သူ့ရင်ခွင်ခိုလှုံလာမဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေ၊ Non-CDM တွေကို လှိုက်လှိုက်လှဲလှဲ နွေးထွေးစွာ ကြိုဆိုမဲ့အပြင် လုံခြုံရေးကို အပြည့်အဝ တာဝန်ယူပေးသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ရေးမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ ဒေသကာကွယ်ရေးတပ် တွေရဲ့ ပစ်ခတ်တိုက်ခိုက်တာကို မကြာခဏခံရပြီး သေဆုံးခဲ့တဲ့အထဲမှာ စခန်းမှူးအဆင့် ကနေ နယ်ထိန်းရဲတပ်ဖွဲ့ဝင်အထိ ၁ ဒါဇင်ကျော် ရှိတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်၊ မွန်းလွဲ ၁ နာရီလောက်ကလည်း ရေးမြို့လယ်ခေါင် ရန်မျိုးအောင်ရပ်ကွက်မှာ စစ်ကောင်စီတပ်နဲ့ ရေးဘီလူးအဖွဲ့တို့ ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်သား ၄ ယောက် ထိခိုက်ဒဏ်ရာရပြီး ၂ ယောက်ကတော့ ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ ရေးဘီလူး အဖွဲ့ခေါင်းဆောင်က အတည်ပြု ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့မရဲစခန်းက ဒုရဲအုပ်မြအေးဟာ စစ်ကောင်စီရဲ့ လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့လို့ ရက္ခိုင့်တပ်တော် အေအေဆီမှာ ဒီနေ့မနက်က အလင်းဝင်ရောက်ခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီက ပုဏ္ဏားကျွန်းမြို့မရဲစခန်းက ရဲတွေကို စခန်းထဲမှာပိတ်လှောင်ထားပြီး လက်နက်ခဲယမ်းနဲ့ဆိုရင် အပြင်ထွက်လို့မရတာကြောင့် ဒုရဲအုပ်မှာ လက်နက်ခဲယမ်းတွေတော့ ပါမလာဘဲ သမီးဖြစ်သူနဲ့အတူ ဆိုင်ကယ်နဲ့ အပြင်ထွက်တဲ့အချိန်မှာ အေအေတပ်ဖွဲ့ဝင်တွေကို ဆက်သွယ်ပြီး အလင်းဝင်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီဒုရဲအုပ်နဲ့ သမီးဖြစ်သူကို အေအေတပ်ဖွဲ့ဝင်တွေက လာရောက်ခေါ်ယူပြီး ဘေးကင်းလုံခြုံတဲ့ နေရာကို ပို့ဆောင်ပေးထားတယ်လို့ ပြောပါတယ်။

ရက္ခိုင်ဒေသအတွင်းက စစ်ကောင်စီတပ်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အသက်မသေဘဲ မိသားစု၊ ဆွေမျိုး၊ မောင်နှမတွေနဲ့ ကောင်းမွန်စွာတွေ့ခွင့်ရလိုရင် မိမိတို့ရဲ့ နီးစပ်ရာစခန်းတွေကို အမြန်ဆုံးဆက်သွယ်ပြီး လက်နက်ချအညံ့ခံဖို့ ရက္ခိုင့်တပ်တော် အေအေက အသိပေးထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013