DVB Logo
Home
မြန်မာသတင်း
သာယာဝတီခရိုင်တွင် လူငယ်များကို ဖမ်းဆီးငွေညှစ်၊ မြိတ်တွင် စစ်တပ်ဝင်လာသဖြင့် ရွာသားများထွက်ပြေး
DVB
·
November 25, 2023
သာယာဝတီခရိုင်တွင် လူငယ်များကို ဖမ်းဆီးငွေညှစ်၊ မြိတ်တွင် စစ်တပ်ဝင်လာသဖြင့် ရွာသားများထွက်ပြေး
Donate to DVB

ပဲခူးတိုင်း၊ သာယာဝတီခရိုင်ထဲမှာ ညအချိန်အပြင်ထွက်တဲ့ လူငယ်တွေကို စစ်တပ်က ဖမ်းဆီးငွေညှစ်နေသလို တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်က ရွာတချို့မှာလည်း စစ်တပ်ဝင်လာလို့ ပေါ်တာဆွဲတယ်ထင်ပြီး အမျိုးသားတွေ ကြောက်လန့် ထွက်ပြေးနေရပါတယ်။

သာယာဝတီခရိုင်ထဲက မင်းလှ၊ အုတ်ဖိုနဲ့ ကြို့ပင်ကောက်မြို့နယ်တို့မှာ ညအချိန် အပြင်ထွက်တဲ့လူငယ်တွေကို နိုဝင်ဘာ ၂၀ ရက်နေ့ နောက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးငွေညှစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကြို့ပင်ကောက်မြို့နယ်မှာ နိုဝင်ဘာ ၂၂ ရက်နေ့က ညအချိန်အပြင်ထွက်တဲ့ လူငယ် ၂ ယောက်ကို ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ ကြို့ပင်ကောက်မြို့ခံတယောက်က ပြောပါတယ်။

“ကလေး  ၂ယောက်အဖမ်းခံရတာ ည ၈ နာရီခွဲလောက်ပဲ ရှိသေးတယ်။ ကင်းလှည့်နေတဲ့ စစ်ကားပေါ် အတင်းဆွဲခေါ်သွားတာ” လို့ မျက်မြင်တွေ့ရှိသူတယောက်က ပြောပါတယ်။

အဲဒီလူငယ် ၂ ယောက်ကို ကြို့ပင်ကောက်ရဲစခန်းမှာ ဖမ်းဆီးထားပြီး ငွေပေးမှ ပြန်လွှတ်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

“တယောက်ကတော့ ညတွင်းချင်းသွားခေါ်တာ ၉ သိန်းပေးမှ ပြန်လွှတ်ပေးတယ်။ နောက်တယောက်ကိုတော့ ဘယ်လောက်ပေးရလဲ သေချာမသိရသေးဘူး” လို့ မြို့ခံတယောက်က ပြောပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၂၂ ရက်နေ့ကလည်း ည ၈ နာရီအချိန်မှာ အပြင်ထွက်တဲ့ လူငယ်တယောက်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တယ်လို့ အဲဒီလူငယ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“ဖမ်းပြီးပြီးချင်း ပိုက်ဆံ ၁ သိန်းတောင်းတာ ပိုက်ဆံမပါတော့ စီးလာတဲ့ ဆိုင်ကယ်ကို သိမ်းသွားတယ်။ လူကို ထိုးကြိတ်တာမျိုးတော့ မလုပ်ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက သူတို့ကို ငွေကြေးဘယ်လောက် ပေးရတယ်ဆိုတာကို အပြင်လူတွေကို မပြောပြဖို့ အဖမ်းဆီးခံရတဲ့လူငယ်တွေရဲ့ အုပ်ထိန်းသူတွေကို ခြိမ်းခြောက်တာတွေ ရှိတယ်လို့လည်း သိရပါတယ်။ 

ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေမှာ နိုဝင်ဘာလ ဒုတိယပတ်ကစပြီး ညမထွက်ရ ပုဒ်မ ၁၄၄  ထုတ်ပြန်ပြီး စစ်ကောင်စီတပ်တွေက ညစဉ် ကင်းလှည့်ပြီး လုံခြုံရေးတင်းကြပ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံတဝန်းက မြို့ကြီးတွေမှာ စစ်ကောင်စီက လူငယ်တွေကို ညပိုင်းအချိန်မှာ ဖမ်းဆီးငွေညှစ်တာတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် မြို့နေလူထုအနေနဲ့လည်း ညအချိန်တွေမှာ အပြင်ထွက်ဖို့ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ ညပိုင်းအပြင်ထွက်သူတွေကို ဖမ်းဆီးတာမရှိဘူးဆိုပြီး ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ ရပ်ကွက်တွေထဲမှာ အသံချဲ့စက်နဲ့ လိုက်လံကြေငြာတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ သစ်ယာဝကျေးရွာအုပ်စုမှာ အောက်တိုဘာ ၂၃ ရက် မနက် ၁၀ နာရီခွဲလောက်က ရွာထဲကို စစ်တပ်ဝင်လာတာကြောင့် ပေါ်တာလာဆွဲတယ်ထင်ပြီး ကျေးရွာတွေက အရွယ်ရောက်သူအမျိုးသားတွေ ကြောက်လန့်ပြီး ရွာက ထွက်ပြေး တိမ်းရှောင်ကုန်ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

အင်အား ၈၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီတပ်သားတွေက စစ်ကား ၂ စီးနဲ့ ကျေးရွာတွေထဲကို ဝင်ရောက်လာတာဖြစ်ပြီးတော့ ဒီမတိုင်ခင် ရက်ပိုင်းလောက်က ကျေးရွာတွေမှာ ပေါ်တာဆွဲမယ်ဆိုတဲ့ သတင်းတွေကြားရတဲ့အတွက် ရွာခံ အမျိုးသားတွေကို ပေါ်တာလာဆွဲတယ်ထင်ပြီး ထွက်ပြေးကုန်ကြတာဖြစ်တယ်လို့ ပြောပါတယ်။

ဒေသခံပြည်သူတယောက်က “ယောကျာ်းတွေ အတော်များများ အရွယ်ရောက်ပြီးသား အားလုံးနီးနီး ရှောင်ပြေးသွားကြတယ်။ ပေါ်တာဆွဲပြီး စစ်မှုထမ်းခိုင်းမှာစိုးလို့ပါ" လို့ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက သစ်ယာဝကျေးရွာအုပ်စုထဲက သစ်ယာဝရွာ၊ ကန်ပြင်ရွာနဲ့ ပနာတောင်ရွာထဲကို ဝင်ရောက်လာခဲ့ပြီးတော့ အဲဒီကျေးရွာတွေက  နေအိမ်အလုံး ၃၀ ကျော်ကို  စာရင်းနဲ့ ဓာတ်ပုံရိုက်ယူသွားတယ်လို့လည်း ဒေသခံတယောက်က ပြောပါတယ်။

သစ်ယာဝကျေးရွာက အုပ်ချုပ်ရေးမှူးနဲ့ စာရေးတို့ရဲ့ ဖုန်းတွေကိုလည်း စစ်တပ်က သိမ်းဆည်းခဲ့သလို သူတို့ကို စစ်ဆေးမေးမြန်းဖို့ဆိုပြီး ခေါ်ဆောင်သွားတာ ခုချိန်ထိ ပြန်မလွှတ်ပေးသေးဘူးလို့လည်း သစ်ယာဝရွာသားတယောက်က ပြောပါတယ်။

"ရွာထဲ စစ်ကား ၂ စီးတက်လာပြီး  အုပ်ချုပ်ရေးမှူးရုံးနဲ့ ဘုန်ကြီးကျောင်းတောင်ကုန်းပေါ် တွေမှာ နေရာယူထားတယ်။ ရွာသားတွေတော့ မဖမ်းသွားဘူး။ ရွာလူကြီးနဲ့ စာရေးကို စစ်မေးဖို့တော့ ခေါ်သွားတယ်။ အခုထိ ပြန်မလွှတ်ပေးသေးဘူး" လို့ ပြောပါတယ်။

မြိတ်မြို့နယ် သစ်ယာ၀ကျေးရွာအုပ်စုမှာ ရွာ ၄ ရွာနဲ့  အိမ်ခြေပေါင်း ၁၄၀၀ ကျော် ရှိတယ်လို့ သိရပြီး အဲဒီကျေးရွာအုပ်စုနဲ့နီးတဲ့  သမုတ်ကျေးရွာအုပ်စုမှာတော့ စစ်ကောင်စီတပ်တွေ အင်အားအများအပြား အထိုင်ချထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013