
နိုင်ဂျီးရီးယားနိုင်ငံအနောက်မြောက်ပိုင်း နိုင်ဂျာပြည်နယ်၊ တီဂီနာနယ်မြေမှာ လူမျိုးစုပဋိပက္ခ ဖြစ်ပွား ပြီး လူ ၁၈ ယောက်ထက်မနည်း သေဆုံးကာ အိမ်ခြေတွေ မီးရှို့ခံရပြီးနောက် ဒေသခံတွေဟာ ဇူလိုင် ၃ ရက်က ရွာကိုစွန့်ခွာပြီး ထွက်ပြေးခဲ့ကြပါတယ်။
ဒါပေမမဲ့ သေဆုံးသူအရေအတွက်ဟာ ဒီထက်မက အများကြီး ပိုများနိုင်တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
ဒီပဋိပက္ခဟာ တနင်္လာနေ့က ရာဖီဒေသန္တရအုပ်ချုပ်ရေးနယ်မြေ၊ တီဂီနာခရိုင်မှာ လက်နက်ကိုင်တွေ က ဖူလာနီလူမျိုးစုဝင်တယောက်ကို သေနတ်နဲ့ပစ်သတ်ခဲ့ရာကနေ ပဋိပက္ခစတင်ခဲ့တာလို့ နိုင်ဂျာပြည်နယ် ရဲတပ်ဖွဲ့ပြောခွင့်ရသူ ဝါဆီယူ အဘီယိုဒွန်က ပြောပါတယ်။
နောက်တနေ့မှာတော့ ကာမူကူ လူမျိုးစုဝင်တွေကို လက်တုံ့ပြန် တိုက်ခိုက်တာတွေ ဆက်လက် ဖြစ်ပွားခဲ့တာပါ။ ရွာထဲမှာ အိမ်ခေါင်မိုးတွေ ပျက်စီးပြီး မီးလောင်ထားတာတွေကို တွေ့ရပြီး ရွာသားတွေလည်း စုဝေးနေကြပါတယ်။
အမျိုးသားတွေက ဗန်ကားတွေပေါ်ကို ပရိဘောဂတွေတင်နေကြသလို အမျိုးသမီးတွေနဲ့ ကလေး တွေကလည်း သူတို့ပိုင်ဆိုင်မှုတွေကို ခေါင်းပေါ်ရွက်ပြီး ဒုက္ခသည်စခန်းဆီ ဦးတည် ထွက်ခွာ နေပါတယ်။
တိုက်ခိုက်မှုဖြစ်ပွားချိန်က ဒေသခံအမျိုးသမီး ဖာတီမာ အီဘရာဟင်ဟာ နေမကောင်းလို့ ဆေးရုံမှာ ၂ ရက်လောက် တက်နေခဲ့ရတာဖြစ်ပြီး အဲဒီအချိန်မှာ သူ့ရဲ့သား တခြားကလေးတွေနဲ့အတူ ဆေးရုံကို ရောက်လာပြီး ရွာထဲမှာ အခြေအနေတွေမကောင်းဘဲ လူတွေနောက်ကို လိုက်လံ သတ်ဖြတ် နေကြတဲ့အတွက် ဆေးရုံမှာပဲ ဆက်နေဖို့နဲ့ စားသောက်ဖို့အတွက်ကိုတော့ သူကပဲ ရှာဖွေပေးမယ်လို့ မိခင်ဖြစ်သူကို ပြောခဲ့ပါတယ်။
ဒါပေမဲ့ နောက်တနေ့ သူတို့အိမ်ပြန်ရောက်တဲ့အချိန်မှာတော့ အိမ်ခြေတွေအားလုံး မီးရှို့ဖျက်ဆီး ခံထားရပြီ လို့ ဆိုပါတယ်။
အလားတူပဲ ဒေသခံ နူရာအီဘရာဟင်ကလည်း ရွာသားတွေဟာ ဘာအကြောင်းပြချက်မှမရှိဘဲ အိမ်တွေကို မီးရှို့ပြီး လူတွေကို လိုက်လံသတ်ဖြတ်နေတာနဲ့ ရုတ်တရက် ကြုံတွေ့ခဲ့ရတာလို့ ဆိုပါတယ်။
ဘုရားသခင်ရဲ့ ကယ်မမှုကြောင့်သာ အသက်ဘေးက လွတ်မြောက်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ သူတို့ ကိုယ်ပေါ်က အဝတ်အစားကလွဲလို့ ကျန်တဲ့ပစ္စည်းမှန်သမျှ မီးထဲပါသွားခဲ့ပြီလို့ ပြောပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတချို့မှာတော့ လယ်သမားတွေနဲ့ သိုးနွားကျောင်းသမားတွေကြား စားကျက်မြေလမ်းကြောင်း၊ မြေယာအသုံးချမှုနဲ့ တခြားအရင်းအမြစ်တွေနဲ့ ပတ်သက်ပြီး အငြင်းပွားရာကနေ အခုလို လူမျိုးစုအုပ်စု အချင်းချင်း ပဋိပက္ခဖြစ်ပွားလေ့ရှိတာက ထုံးစံလို ဖြစ်နေပါတယ်။
Source:Reuters











