DVB Logo
Home
မြန်မာသတင်း
စစ်တပ်လက်နက်ကြီးကြောင့် ပုဏ္ဏားကျွန်းမြို့မစျေး ဆိုင်ခန်း ၁၀၀ ကျော်မီးလောင်ဆုံးရှုံး၊ ရသေ့တောင် ပြည်သူ ၁ ဦးသေဆုံး
DVB
·
November 24, 2023
စစ်တပ်လက်နက်ကြီးကြောင့် ပုဏ္ဏားကျွန်းမြို့မစျေး ဆိုင်ခန်း ၁၀၀ ကျော်မီးလောင်ဆုံးရှုံး၊ ရသေ့တောင် ပြည်သူ ၁ ဦးသေဆုံး
1 / 4
Donate to DVB

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မစျေးကို နိုဝင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီရဲ့ နေဗီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဆိုင်ခန်းပေါင်း ၁၀၀ ကျော် မီးလောင်ကျွမ်းခဲ့ကာ ညနေပိုင်းမှာ မီးကြွင်းမီးကျန်ကနေတဆင့် ဆက်လက်မီးလောင်နေတယ်လို့ ဒေသခံတွေက  ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့မစျေးကို နိုဝင်ဘာ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲလောက်မှာ နတ်ဆိပ်ကျေးရွာနားက ကုလားတန်မြစ်ထဲ ရပ်ထားတဲ့ စစ်ကောင်စီရေတပ်က လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခ​တ်ခဲ့တာကြောင့် ဆိုင်ခန်းပေါင်း ၁၀၀ ကျော် မီးလောင်ကျွမ်းခဲ့တယ်လို့ ပုဏ္ဏားကျွန်းမြို့မစျေး ဆိုင်ခန်းပိုင်ရှင် အမျိုးသမီးတယောက်က ပြောပါတယ်။

“စျေးဆိုင်ခန်းတခန်းကို ကာလပေါက်စျေး သိန်း ၂၀၀ ကျော်လောက်ရှိတယ်။ ကျမတယောက်တည်း ဆိုင်ခန်း ၂ ခန်း မီးထဲပါသွားလို့ သိန်း ၄၅၀ လောက်ဆုံးရှုံခဲ့ပြီး ရင်းနှီးမြှုပ်နှံထားတဲ့ ကုန်တွေအားလုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်။” 

မီးသတ်ကား ၂ စီးကတော့ ညနေ ၃ နာရီခွဲလောက် တစျေးလုံးကုန်ခါနီးမှ လာရောက်မီးငြှိမ်းသတ်ခဲ့ပြီး ညနေ ၄ နာရီလောက်မှာ မီးညွန့်ကျိုးသွားခဲ့ပြီး ခလရ ၅၅၀ က စစ်သား ၁၀၀ လောက်ရောက်လာတာကြောင့် မီးဝိုင်းငြှိမ်းပေးနေတဲ့ မီးသတ်ဝန်ထမ်းတွေနဲ့ ပြည်သူတွေမနေရဲလို့ ပြန်သွားကြတယ်လို့ ပြောပါတယ်။

မီးငြိမ်းအောင် အသေချာမငြှိမ်းသတ်ခဲ့တာကြောင့် အတွင်းထဲမှာကျန်ခဲ့တဲ့ အဝတ်အထည်တွေ စားသောက်ကုန်တွေ မီးကြွင်းမီးကျန်တွေကနေတဆင့် ည ၆ နာရီကျော်လောက်မှာ ထပ်မံမီးလောင်နေတယ်လို့ ဆိုပါတယ်။

ပုဏ္ဏားကျွန်းမြို့မစျေးကို မြို့ပေါ်ရပ်ကွက်တွေအပါဝင် ကျေးရွာပေါင်း ၁၀၀ ကျော်လောက် မှီခိုနေရတာဖြစ်ပြီး ပြည်သူတွေ စားနပ်ရိက္ခာပြတ်တောက်အောင် စစ်ကောင်စီဘက်က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။

ရသေ့တောင်မြို့နယ်မှာလည်း နိုဝင်ဘာ ၂၄ ရက်နေ့ညနေမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၁ ယောက်သေဆုံးကာ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရသေ့တောင်မြို့နယ် လိုင်ဂွင်ကျေးရွာမှာ နိုဝင်ဘာ ၂၄ ရက် ညနေ ၄ နာရီ ၅ မိနစ်လောက် စစ်ကောင်စီရဲ့ ရေစိုးချောင်းဗျူဟာက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် လက်နက်ကြီးကျည် ၄ လုံးကျရောက်ပေါက်ကွဲကာ ပြည်သူ ၁ ယောက်သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရသေ့တောင်မြို့ဒေသခံတယောက်က DVB ကို ပြောပါတယ်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ လိုင်ဂွင်ကျေးရွာက အသက် ၆၇ နှစ်အရွယ် ဦးချမ်းသာစိန်ရဲ့ ဦးခေါင်းကို လက်နက်ကြီးကျည်ထိမှန်ပြီး နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လိုင်ဂွင်ရွာက အသက် ၁၀ နှစ်အရွယ် မဝင်ဝင်း၊ အသက် ၅၀ အရွယ် ဒေါ်လှနုစိန်၊ အသက် ၄၉ နှစ်အရွယ် ဒေါ်အေးနုချေနဲ့ အသက် ၆၅ နှစ်အရွယ် ဒေါ်လုံးဖြူတို့မှာ ဒဏ်ရာတွေရရှိခဲ့ပြီး ရေသေ့တောင်ပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

ရသေ့တောင်မြို့နယ်မှာ နိုဝင်ဘာ ၂၂ ရက် မနက်ကလည်း စစ်ကောင်စီရဲ့ ရေစိုးချောင်းဗျူဟာက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူတယောက်ဒဏ်ရာရရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ နိုဝင်ဘာ ၁၃ ရက် မနက်က တကျော့ပြန်တိုက်ပွဲတွေ ပြန်လည် စတင်ပြီးနောက်ပိုင်း ရသေ့တောင်၊ စစ်တွေ၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့တွေရှိ စစ်ကောင်စေတပ်တွေက လက်နက်ကြီးတွေနဲ့ နေ့ရောညပါရမ်းကားပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013