ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာထဲမှာ နိုဝင်ဘာ ၂၄ ရက် ဒီကနေ့မနက် ၁ နာရီလောက်က စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ နေအိမ် ၁ လုံး ၊ ကား ၄ စီး ၊ ဘန်ဂလိုတဲ ၁ လုံးနဲ့ နှစ်ရှည်သီးပင်တွေ ပျက်စီးကုန်ပါတယ်။
မိသားစုဝင်တွေ အိပ်ယာဝင်ချိန် လေယာဉ်ပျံသံကြားရပြီး မကြာခင်မှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံကြားရကြောင်း၊ အဲဒီနောက် ခေါင်မိုးတွေ၊ ပြတင်းပေါက် တံခါးပေါက်မှန်တွေ ကွဲ ကုန်သလို အိမ်ထောင်ပရိဘောဂပါပျက်စီးကုန်တယ်လို့ အိမ်သားတစ်ဦးက ဒီဗွီဘီကို ပြောပါ တယ်။
“အဲဒီမတိုင်ခင်က လေယာဉ်ပျံသံ အကျယ်ကြီး ကြားရတယ်။ လေယာဉ်ဖြတ်သွားတယ်လို့ပဲ ထင်တာ။ ခဏနေတော့ ဗုံးပေါက်ကွဲမှု ဖြစ်သွားတာပဲ။ အိမ်ကိုလာထိတော့ အကုန်လုံး သေမတတ် ကြောက်သွားတယ်။ ဘယ်ထွက်ပြေးရမှန်းလဲ မသိဘူး။ အရင်ကရွာမှာ ဗုံးကျတယ်ဆိုပေမဲ့ မြေကြီးတုန်ခါတာတော့ ကြုံဖူးတယ်။ အခုက ကိုယ့်အိမ်တည့်တည့်ကို ကျလာတာ။ ကံကောင်းလို့ လူတွေမထိတာ။ ထိခိုက်ဒဏ်ရာရသူတော့ မရှိပါဘူး၊ ဒါပေမဲ့ တညလုံး အိပ်လို့မရတော့ဘူး။”
ကျလာတဲ့လက်နက်ဟာ ဗုံးလား၊ လက်နက်ကြီးလား ဆိုတာတော့ သာမန်လူမို့ မခွဲခြားတတ်ကြောင်း၊ ဒါပေမဲ့ ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပြီး အရှိန်ပြင်းထန်ကာ နေအိမ် ၁ လုံး၊ ကားရုံထဲရပ်ထားတဲ့ ကား ၄ စီးလုံး ရှေ့မှန်ရော နောက်မှန်ပါ အကုန်ကွဲကြေကုန်တယ်လို့ ဆိုပါတယ်။
ခြံထဲမှာလည်း တွင်းပေါက်ကြီးတစ်ခုဖြစ်သွားပြီး ဘန်ဂလို ၂ လုံးအနက် ၁ လုံးပျက်စီးကာ သံပရာပင် ၈ ပင် ပျက်စီးသွားတယ်၊ နေအိမ်ကို အသစ်ပြန်ဆောက်တာ တစ်နှစ်ပင် မပြည့်သေးကြောင်း၊ ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်းမှာ ကျပ်သိန်းပေါင်း ၁၃၀၀ ကျော်လောက်ရှိပြီး အနှစ်နှစ်အလလ စုဆောင်းငွေတွေနဲ့ တည်ဆောက်ထားတာမို့ ပြန်လည်ထူထောင်ဖို့ မလွယ်ကူတော့ဘူးလို့ ပြောပါတယ်။
သူတို့မိသားစုဟာ နိုင်ငံရေးလည်း မလုပ်၊ လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ပတ်သက်မှုမရှိဘဲ ရိုးရိုးသားသား အရောင်းအဝယ်သာလုပ်ပြီး အခုလို တိုက်ခိုက်ခံရတဲ့အပေါ် နားမလည်နိုင်ဘူးလို့လည်း ပြောသွားပါတယ်။
နောက်ဒေသခံတစ်ဦးကလည်း အဆိုပါအိမ်ဝင်းထဲက လက်နက်ကြီးအပိုင်းအစတွေဟာ ရွာထဲက တခြားအိမ်တွေလည်း လွင့်စဉ်သွားကြောင်း၊ အပျက်အစီး မကြီးမားပေမဲ့ အိမ်ခေါင်မိုးတွေ၊ နံရံတွေ ထိခိုက်တာရှိတယ်လို့ ဆိုပါတယ်။
ရွာနားမှာ တိုက်ပွဲမဖြစ်ဘဲ ခုလိုဖြစ်ရတာဟာ သူတို့ရွာထဲ TNLA တပ်ဖွဲ့ဝင်တွေ လာရောက် နေထိုင်လှုပ်ရှားနေလို့ စစ်ကောင်စီက လာပစ်တာလို့ ယူဆကြောင်း၊ ဒီမတိုင်ခင်က လက်နက်ကိုင်အဖွဲ့တွေ ရွာထဲလာမနေဖို့ မေတ္တာရပ်ခံတောင်းပန်ထားပေမဲ့ သွားလာနေမြဲမို့ လုံခြုံမှုမရှိတော့ဘူးလို့ ဒေသခံက ပြောပါတယ်။