
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ဇီးရိုးစမ်းကျေးရွာမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတာကြောင့် ဒေသခံသားအဖ ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၉ ရက် မနက်အစောပိုင်းမှာ ဇီးရိုးစမ်းကျေးရွာအတွင်းကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ကျည်စထိမှန်တာကြောင့် အိမ်ထဲမှာရှိနေတဲ့ သားအဖ ၂ ယောက် သေဆုံးခဲ့တာလို့ သိရပါတယ်။
သေဆုံးသူတွေကတော့ အသက် ၆၂ နှစ်အရွယ် ဦးသန်းထွန်းနဲ့ အသက် ၂၃ နှစ်ဝန်းကျင်အရွယ် ကိုလင်းခိုင်တို့ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတစ်ယောက်က “ရေကြည်အမြောက်တပ် အမတ ၃၄၄ ဘက်ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် သားအဖ ၂ ယောက် သေဆုံးခဲ့တာပါ” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်က ရေကြည်မြို့နယ်အတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အပြင် Y-12 လေယာဉ်တွေနဲ့ ဂျက်ဖိုက်တာတွေကိုအသုံးပြုပြီး လေကြောင်းကနေလည်း ဗုံးကြဲ တိုက်ခိုက် နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လတ်တလောမှာလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတွေကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်ကလည်း ရေကြည်မြို့နယ်အတွင်း ရခိုင်ရိုးမအစပ်က စိမ့်ကွင်းကျေးရွာအနီးကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အရပ်သား ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။











