အိုင်ယာလန်နိုင်ငံ၊ ဒပ်ဗလင်မြို့လယ်ခေါင်မှာ နိုဝင်ဘာ ၂၃ ရက်က ဓားထိုးခံရမှုကြောင့် ကလေးငယ် ၃ ဦးအပါအဝင် လူ ၅ ဦး ဒဏ်ရာရရှိသွားခဲ့ပြီးနောက် ညနေပိုင်းမှာ ရွှေ့ပြောင်း နေထိုင်သူ ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပေါ်ပေါက်လာလို့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။
ဂရင်းနစ်စံတော်ချိန် ၁၃ နာရီခွဲလောက်မှာ ဒပ်ဗလင်မြို့ရဲ့ အဓိကလမ်းမ တခုဖြစ်တဲ့ အိုကွန်နဲလ် လမ်းဘေးရှိ ပါနဲလ်ရင်ပြင်မှာ အသက် ၄၀ အရွယ် အမျိုးသားတယောက်ဟာ လူအများအပြားကို တိုက်ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားပါတယ်။
တိုက်ခိုက်မှု အစောပိုင်းအဆင့်မှာ လူထုက ဝင်ပါ တားဆီးခဲ့ပါတယ်။ ဓားထိုးခံရမှုကြောင့် အသက် ၅ နှစ်အရွယ် မိန်းကလေးတဦး ဒဏ်ရာပြင်းထန်ပြီး အရေးပေါ်ကုသမှု ခံယူနေရပါတယ်။ အသက် ၃၀ အရွယ် အမျိုးသမီးတဦးလည်း ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ ဆေးကုသမှု ခံယူနေရပြီး တခြားကလေး ၂ ဦးဖြစ်တဲ့ အသက် ၅ နှစ် အရွယ် ယောက်ျားလေး တဦးနဲ့ ၆ နှစ်အရွယ် မိန်းကလေးတို့က မပြင်းထန်တဲ့ ဒဏ်ရာ အသေးစားလောက် ရရှိခဲ့ပါတယ်။
အရွယ်ရောက်ပြီး အမျိုးသားတဦးလည်း ထိခိုက်သွားပေမဲ့ ဒဏ်ရာမပြင်းထန်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ ပြင်းထန်တဲ့ ဒဏ်ရာတွေရထားတဲ့ ကျူးလွန်သူအမျိုးသားကို ရဲတွေ ဖမ်းဆီးထားပြီး ဆေးကုသမှု ခံယူနေပါတယ်။
Source/Photo-Reuters