
ဂျာမနီအာဏာပိုင်တွေဟာ ပါလက်စတိုင်း စစ်သွေးကြွဟားမတ်စ်အဖွဲ့နဲ့ ပါလက်စတိုင်း လိုလားတဲ့ ဆာမီဒုံအဖွဲ့တို့နဲ့ ပတ်သက်တဲ့ နေအိမ် ၁၅ လုံးကို နိုဝင်ဘာ ၂၃ ရက်က ရှာဖွေခဲ့ကြောင်း ဂျာမန် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အဖွဲ့ နှစ်ဖွဲ့စလုံးအတွက် လှုပ်ရှားမှုတွေကို မကြာသေးခင်က တားမြစ်ပိတ်ပင်ခဲ့ပြီးနောက်မှာ ခုလို ရှာဖွေမှု လုပ်ဆောင်လာတာပါ။
ဂျာမနီနိုင်ငံက ပြည်နယ် ၄ ခုမှာ ဒေသစံတော်ချိန် မနက် ၆ နာရီမှာစတင်ပြီး ရှာဖွေရေး လုပ်ဆောင်မှုတွေဟာ တားမြစ်ချက်ကို လိုက်နာဖို့အပြင် နိုင်ငံတွင်း အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ ဟားမတ်စ်အဖွဲ့နဲ့ ဆာမီဒုံအဖွဲ့တို့ရဲ့ တရားမဝင် အဆောက်အအုံတွေကို ရှင်းလင်းဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အဆိုအရ ဂျာမနီမှာ ဟားမတ်စ်အဖွဲ့ဝင် ၄၅၀ ဝန်းကျင်လောက် ရှိနေပြီး သူတို့တွေဟာ ထောက်ပံ့ရေးနဲ့ ဝါဒဖြန့်ခြင်းကနေ ရန်ပုံငွေရှာဖွေခြင်းနဲ့ အလှူငွေ ကောက်ခံခြင်း တွေအထိပါ ဝင်လှုပ်ရှားနေကြောင်း သိရပါတယ်။
Source/Photo-Reuters