
ဒီကနေ့ ဇွန် ၉ ရက်ဟာ ကချင်ပြည်နယ်တွင်း တကျော့ပြန်စစ်ပွဲတွေ ဖြစ်ပွားတာ ၁၅ နှစ် ပြည့် မြောက်တဲ့နေ့ ဖြစ်ပါတယ်။
တကျော့ပြန်စစ်ပွဲအတွင်း ကချင်ပြည်နယ်က အရပ်သားပြည်သူတွေ ၃,၀၀၀ နီးပါး သေဆုံးခဲ့တယ် လို့ နိုင်ငံတကာကချင်ကွန်ဂရက် (WKC) က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
၂၀၁၁ခုနှစ်ကစလို့ ကချင်ပြည်နယ်တွင်း မြန်မာစစ်အစိုးရစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ကြား တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာဖြစ်ပြီး အဲ့ဒီကတည်းက ဒီနေ့အချိန်ထိ ၁၅ နှစ် တာကာလအတွင်း ကချင်အရပ်သားပြည်သူ ၃,၀၀၀ နီးပါး သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။
ဒီအကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ နိုင်ငံတကာအနေနဲ့ ဒေသခံအုပ်ချုပ်ရေးယန္တရားတွေကို အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။
လက်ရှိအချိန်ထိစစ်ဘေးရှောင် (IDP) ဒုက္ခသည် အရေအတွက် ၂ သိန်းကျော်ဟာလည်း ကချင်နဲ့ ရှမ်းပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ ဒီကနေ့အထိ ခိုလှုံနေကြရဆဲဖြစ်တယ်လို့လည်း ထုတ်ပြန် ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေက ဆိုးရွား နေပြီး နိုင်ငံတကာအစိုးရမဟုတ်တဲ့အဖွဲ့အစည်း (INGOs) တွေကလည်း မြေပြင် ပကတိ အခြေအနေတွေကို လျစ်လျူရှုကာ ကူညီထောက်ပံ့မှုတွေကို စစ်ကောင်စီထိန်းချုပ်ရာ ဒေသတွေ ကိုပဲ အချိုးအစားမမျှတစွာ စုပြုံပေးအပ်နေကြောင်းကိုလည်း နိုင်ငံတကာ ကချင်ကွန်ဂရက်အဖွဲ့က ထောက်ပြခဲ့ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ ကချင်ပြည်နယ်ရဲ့ စစ်ရေးအခင်းအကျင်း ပြောင်းလဲ လာပြီး တော်လှန်ရေးအင်အားစုတွေရဲ့ အဓိကရည်မှန်းချက်က အစားထိုးအုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်ပြီး တန်းတူညီမျှမှုရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေး ဖြစ်တယ် လို့လည်း နိုင်ငံတကာကချင်ကွန်ဂရက်အဖွဲ့က ဆိုပါတယ်။
လူနည်းစုဖြစ်တဲ့ စစ်တပ်က အထူးအခွင့်အရေးယူပြီး နိုင်ငံရေးအာဏာကို ချုပ်ကိုင်ထားခြင်းဖြင့် မြန်မာနိုင်ငံ ရှေ့ဆက်သွားနိုင်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
ဒီလို အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံတကာအသိုက်အဝန်းကို နိုင်ငံတကာ ကချင်ကွန်ဂရက် အနေနဲ့ မြန်မာနိုင်ငံတဝန်း ပေါ်ပေါက်လာတဲ့ ဒေသခံအုပ်ချုပ်ရေးယန္တရားတွေကို ငြိမ်းချမ်းရေးရဲ့ အခြေခံအုတ်မြစ်အဖြစ် အသိအမှတ်ပြု ပူးပေါင်းဖို့တိုက်တွန်းပါတယ်။
ဒါ့အပြင် ပြည်သူလူထုအပေါ် အကြမ်းဖက်ရာမှာ အသုံးပြုနေတဲ့ လက်နက်တွေနဲ့ ဂျက်လေယာဉ်ဆီ လိုမျိုး ၂ မျိုးသုံးကုန်စည်တွေ စီးဆင်းနေမှုကို ဖြတ်တောက်ဖို့နဲ့ စစ်အာဏာရှင် အပေါ် နိုင်ငံရေး၊ ဘဏ္ဍာရေးဆိုင်ရာဖိအားတွေ ပိုမိုမြှင့်တင်ဖို့ စတဲ့ အချက်တွေကို တောင်းဆိုခဲ့ ပါတယ်။










