DVB Logo
Home
မြန်မာသတင်း
အမုန်းစကားဖြန့်ချိမှု ပြန်အားကောင်းလာဟု BHRN အစီရင်ခံစာတွင် ဖော်ပြ
DVB
·
November 23, 2023
အမုန်းစကားဖြန့်ချိမှု ပြန်အားကောင်းလာဟု BHRN အစီရင်ခံစာတွင် ဖော်ပြ
Donate to DVB

စစ်တပ်က အာဏာသိမ်းပြီးစမှာ လျော့သွားခဲ့တဲ့ အမုန်းစကားဖြန့်ချိတာတွေဟာ နောက်ပိုင်းမှာ ပြန်အားကောင်းလာပြီး ပြည်သူလူထုအကြား NUG၊ CRPH နဲ့ PDF တွေကို အထင်အမြင်လွဲမှားစေဖို့ ဘာသာရေး၊ လူမျိုးရေးတို့နဲ့ တွဲချိတ်ရေးသား ဖော်ပြတာတွေ လုပ်လာတယ်လို့ စောင့်ကြည့်ရေး အစီရင်ခံစာတခုက ဆိုပါတယ်။

ဒီနေ့ ထုတ်ပြန်လိုက်တဲ့ Burma Human Rights Network (BHRN) ရဲ့ ဒစ်ဂျစ်တယ် အမုန်းစကားများ အစီရင်ခံစာမှာ လူနည်းစု ဘာသာဝင်တွေ၊ လူမျိုးတွေနဲ့ စစ်တပ်ကို တော်လှန်နေတဲ့ အဖွဲ့အစည်းတွေအပေါ် အမုန်းစကားတွေ အရှိန်ကောင်းကောင်းနဲ့ ဖြန့်ဝေတာကို တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

လူမှုကွန်ရက်မှာ လူနည်းစုဘာသာဝင်တွေအပေါ် အမုန်းစကားဖြန့်ချိတာတွေကို စောင့်ကြည့်လေ့လာရာမှာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကာလနောက်ပိုင်းက ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအထိ အားကောင်းခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ လျော့ကျသွားခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ပြန်အားကောင်းလာခဲ့တယ်လို့ BHRN ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတယောက်က ပြောပါတယ်။

“CRPH/ NUG နဲ့ PDF တွေကို ပြည်သူလူထုအကြား အထင်အမြင်လွဲမှားစေဖို့၊ လူထုထောက်ခံမှု လျော့ကျစေဖို့၊ နိုင်ငံရေးနဲ့ လူမျိုးရေး၊ ဘာသာရေး လှုံ့ဆော်တာတွေ တွဲချိတ်ရေးသား ဖော်ပြတဲ့အပြင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ပြန်ခေါင်းထောင် လာစေဖို့အတွက် အစ္စလာမ်ဘာသာဝင်မွတ်စလင်နှင့် ရိုဟင်ဂျာ အရေးတို့ကို ဦးတည် တိုက်ခိုက်တဲ့ အမုန်းစကားပြောဆိုရေးသား လှုံ့ဆော်တာတွေ၊ ခရစ်ယာန်တွေကို မုန်းတီးစေဖို့ ချိတ်ဆက်ရေးသားထားတဲ့ အမုန်းစကားတွေကိုလည်း တွေ့ရပါတယ်။” 

လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ အမုန်းစကားတွေဟာ မဟာဗျူဟာကျကျ၊ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာကိုလည်း တွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

ဒီနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလကနေ ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း အွန်လိုင်းကနေ အမုန်းစကားဖြန့်ချိတာတွေကို သုတေသနလုပ်ထားပြီး မွတ်စလင်တွေကို ဦးတည်ပစ်မှတ်ထားတာ ၄၃၄ ခုနဲ့ အများဆုံးတွေ့ခဲ့ရပြီး ခရစ်ယာန်တွေအပေါ် ဦးတည်တာက ၈၁ ခု၊ ဟိန္ဒူဘာသာဝင်တွေကို ဦးတည်တာက ၂ ခု၊ ရိုဟင်ဂျာတွေကို ဦးတည်တာက ၁၈၉ ခု၊ NUG နဲ့ NLD ကို ဦးတည်တိုက်ခိုက်တာက ၁၂၃ ခု တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ဟာ ခေတ်အဆက်ဆက် အာဏာရှင်စနစ်နဲ့ တိုင်းပြည်ကို ထိန်းချုပ်ရာမှာ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားတွေ သွတ်သွင်းပြီး သွေးခွဲအုပ်ချုပ်တဲ့စနစ်ကို ကိုင်ဆွဲခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီထဲမှာ မွတ်စလင်မုန်းတီးရေးလှုပ်ရှားမှုကတော့ ၂၀၂၂ ခုနှစ်မှာလည်း အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆက်လက်လုပ်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

BHRN ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတယောက်က “စစ်တပ် အရာရှိဟောင်းတွေထုတ်ဝေတဲ့ ဂျာနယ်၊ မီဒီယာတွေမှာ ရိုဟင်ဂျာနဲ့ မွတ်စလင် ဆန့်ကျင်ရေးတွေကို အစွန်းရောက် အမျိုးသားရေးသမားတွေက တွင်တွင်ကျယ်ကျယ် ရေးသားပြီး အဲဒီကတဆင့် စစ်အာဏာရှင်အသိုင်းအဝိုင်းရဲ့ လူမှုစာမျက်နှာ Fake account တွေက စတင် ပျံ့နှံ့လာတာကို တွေ့ရတယ်” လို့ ပြောပါတယ်။

အခု နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွေကို တိုက်ခိုက်ချေမှုန်းရာမှာလည်း ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေကို ပစ်မှတ်ထား မီးရှို့ဖျက်ဆီးတာတွေ ရှိသလို ပုံနှိပ်နဲ့ အွန်လိုင်း မီဒီယာတွေမှာလည်း ခရစ်ယာန်ဘာသာဝင်တွေနဲ့ ပတ်သက်ပြီး အမုန်းစကားတွေ ပျံ့နှံ့နေတာကိုလည်း တွေ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ အမုန်းစကားတွေကို ကိုယ်တိုင်မဖြန့်ချိဖို့၊ မသိလိုက်ဘဲ ဖြန့်ချိလိုက်တာတွေ မဖြစ်စေဖို့အတွက် အကြောင်းအရာတွေမစိစစ်ဘဲ မဖြန့်ဝေဖို့၊ တွေ့လာခဲ့ရင်လည်း သက်ဆိုင်ရာ ဆိုရှယ်မီဒီယာအလိုက် Report လုပ်ဖို့ BHRN က အကြံပြုထားသလို အရပ်ဘက်အဖွဲ့အစည်းတွေကလည်း အမုန်းစကားနဲ့ ပတ်သက်တဲ့ ပညာပေးတာတွေ ပိုပြီးလုပ်ဖို့၊ အမုန်းစကားတွေကို စောင့်ကြည့်မှတ်တမ်းတင်ဖို့ အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013