DVB Logo
Home
မြန်မာသတင်း
တောင်ကြီး တန်ဆောင်တိုင်ပွဲလူစည်ကားရန် ကျောင်းသားများကို အဓမ္မစေလွှတ်   
DVB
·
November 23, 2023
တောင်ကြီး တန်ဆောင်တိုင်ပွဲလူစည်ကားရန် ကျောင်းသားများကို အဓမ္မစေလွှတ်   
Donate to DVB

ရှမ်းပြည်နယ်(​တောင်ပိုင်း)၊​ တောင်ကြီးမြို့မှာ  တန်​​ဆောင်တိုင်ပွဲကို သွားဖို့ မြို့​ပေါ်​ကျောင်း​တွေက ​ကျောင်းတစ်​ကျောင်းကို ကျောင်းသားအယောက် ၂၀၀ ​စေလွှတ်​ပေးရ​ပြီး  စစ်ကောင်စီက ပွဲတော် လူစည်ကားအောင် လုပ်ဆောင်နေတယ်လို့ မြို့ခံတွေထံကသိရပါတယ်။ 

တောင်ကြီး​ဒေသခံတစ်ဦးက“ဒေသခံတွေ ၁၀၀ မှာ ၉၉ ယောက်လောက်က ရှောင်တယ်။ မ​နေ့က ဖွင့်ပွဲ့​နေ့ဆိုတော့ ​ကျောင်းသား ၁၂၀၀ နဲ့ ​အေးသာယာမြို့သစ်ဘက်က ​နေ့စား​တွေကို ၁၀ ဘီးကားနဲ့​ခေါ်ပြီး ချ​ပေးတာ​တွေရှိတယ်” လို့ ​ ဒီဗွီဘီကို ​ပြောပါတယ်။ 

တောင်ကြီးမြို့မှာ ဒီကနေ့ စစ်​ကောင်စီက တန်​ဆောင်တိုင်ပွဲကို မဖြစ်မ​နေ သွားကြည့်ကြဖို့ အသံချဲ့စက်နဲ့ ဝါဒဖြန့် လိုက်​အော်​နေတယ်လို့လည်း သိရပါတယ်။ 

ဒီနေ့ ​နေ့လယ်ပိုင်း​လောက်က စိန်ပန်း၊ ​ရွှေ​တောင် စတဲ့ရပ်ကွက်​တွေမှာ ၂၁ ရက်​နေ့မှာ တန်​ဆောင်တိုင်​ပွဲ​တော် ဖွင့်လှစ်​ကြောင်း၊ ရိုးရာအ​မွေထိန်းသိမ်းကြဖို့ သွားသင့်​ကြောင်းနဲ့ လုံခြုံ​ရေးအတွက် အာမခံ​ကြောင်း​တွေကို အသံချဲ့စက်နဲ့ လိုက်လံ​အော်ခဲ့တယ်လို့ သိရပါတယ်။ 

​ဒေသခံတစ်ဦးက “အရင်ဆို နေ့လယ် ၃ နာရီလောက်ဆို ကားလမ်းတွေပိတ် လူတွေပြုံပြီး ပွဲဈေးတန်းဆိုလည်း ကြိတ်ကြိတ်တိုး စည်ကားတာ။ အခု​တော့ ကားပိတ်ဖို့ ​နေ​နေသာသာ အရင်​နေ့​တွေထက်​တောင် ရှင်း​နေ​သေးတယ်။ ပွဲ​ဈေးဆိုလည်း ​ဝေး​​ဝေးမှ တစ်ခုမြင်ရတယ်။အရင်က အလွန်စည်ကားခဲ့တဲ့ ​တောင်ကြီး​တန်​ဆောင်တိုင်ပွဲဟာ အခုဆိုရင် သိသိသာသာ​ ခြောက်ခန်းသွားတယ်” လို့ ပြောပါတယ်။ 

အရင်က ပွဲကြည့်သူ​တွေရဲ့ လုံခြုံ​ရေးအတွက် မီးသတ်ကား​တွေနဲ့ ​သေ​သေချာချာ ပြင်ဆင်ခဲ့ပြီး အခုအခါ လုံခြုံ​ရေးကိုပဲ အတင်းလုပ်​နေရ​ကြောင်း သိရပါတယ်။  ဒါ့အပြင် ယခင်နှစ်က နာမည်ကြီး မီးဆရာနဲ့ မီးပုံးပျံ​တွေ မပါဝင်​တော့ဘူးလို့လည်း သိရပါတယ်။ 

တောင်ကြီးမြို့ခံတစ်ဦးက “နာမည်ကြီးမီးတွေ ဘာလို့ မပါတာလဲဆိုတော့ ရိုးရာပွဲအစစ် မဟုတ်လို့​ပေါ့၊  ​တောင်ကြီး တန်​ဆောင်တိုင် ရိုးရာကို ခုတုံးလုပ်ပြီး ဝါဒဖြန့်ဖို့ လုပ်​နေ​တော့ ဘယ်သူမှလုပ်ဖို့ စိတ်မဝင်စားကြ​တော့ဘူး”လို့ ​ ​ပြောပါတယ်။ 

ဖွင့်ပွဲ​နေ့မှာ မီးပုံး ၆ လုံးသာ လွှတ်နိုင်ပြီး ယခင်က မနက် ၄ နာရီ၊ ၅ နာရီ​​လောက်မှပြီးတဲ့ပွဲက ယခု ည ၁၀ နာရီခွဲနဲ့တင် ပြီးသွားခဲ့တယ်လို့ သိရပါတယ်။ 

ဒေသခံတဦးက “အရင်နှစ်က ဖွင့်ပွဲညဆို မီးပုံး ၁၀ လုံး၊ ၁၁ လုံး​လောက် လွှတ်တယ်။ ပြီး​တော့ မီးပုံး တစ်​ထောင်​ရောပဲ။ မီးရှူးမီးပန်းတွေ ဆိုရင်လည်း ၁၀ မိနစ်စာ​လောက် အနည်းဆုံး ​ဖောက်တယ်။ ခုက မီးရှုးမီးပန်းကို လမ်း​ဘေးက ဝယ်လာသလို ခဏ​လေးနဲ့ ပြီးသွားတယ်။ မီးပုံးတစ်​ထောင်​တော့ ​ဝေး​ရော​ပေါ့။ တန်ဆောင်တိုင်ပွဲလို့လည်း မသတ်မှတ်သလို သွားဖို့လည်း အစီအစဉ်မရှိပါဘူး”လို့ ​ ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ တိုင်းပြည် ငြိမ်ဝပ်ပိပြားတည်ငြိမ်အောင် အုပ်ချုပ်ထား နိုင်တယ်ဆိုတာ နိုင်ငံတကာကာကို ပြသဝါဒဖြန့်နိုင်အောင် ရည်ရွယ်ချက်နဲ့  ပွဲလမ်းသဘင်တွေကို လူစည်ကားအောင် အတင်းအကျပ်စီစဉ်နေသလို စစ်ခေါင်းဆောင်ကလည်း သူ့ရဲ့ ဩဇာခံ ဝန်ကြီးတွေနဲ့ ဌာနဆိုင်ရာတွေကို ပွဲလမ်းသဘင်သွားကြဖို့ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013