DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် လိုင်လင်းပီဒေသခံ ၃၀၀၀ နီးပါးတိမ်းရှောင်နေရ၊ သုံးဆယ်မြို့တွင် ဘုန်းကြီး ၃ ပါး အပါအဝင် ၄ ဦး ဖမ်းဆီးခံရ
DVB
·
November 23, 2023
တိုက်ပွဲကြောင့် လိုင်လင်းပီဒေသခံ ၃၀၀၀ နီးပါးတိမ်းရှောင်နေရ၊ သုံးဆယ်မြို့တွင် ဘုန်းကြီး ၃ ပါး အပါအဝင် ၄ ဦး ဖမ်းဆီးခံရ
1 / 2
Donate to DVB

ချင်းပြည်နယ်၊ မတူပီမြို့နယ် လိုင်လင်းပီမြို့မှာ နိုဝင်ဘာ ၂၀ ရက်ကစပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် မြို့ခံ ၄ ယောက် သေဆုံးပြီး ၃,၀၀၀ နီးပါး အရေးပေါ် စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လိုင်လင်းပီမြို့မှာ နိုဝင်ဘာ ၁၉ ရက်ကစပြီး ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။

စစ်ဘေးတိမ်းရှောင်ကြရသူတွေဟာ လိုင်လင်းပီမြို့နဲ့ နီးစပ်ရာကျေးရွာတွေနဲ့ တောတောင်တွေမှာအပြင် အိန္ဒိယနိုင်ငံဘက်ကိုလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်တွေဟာ အရေးပေါ် တိမ်းရှောင်ကြရတဲ့အတွက် အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာနဲ့ အနွေးထည်တွေလည်း လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

“လေကြောင်းကြောင့် သေတဲ့သူထဲက ၂ ယောက်က သင်္ဂြိုဟ်ပြီးပြီ၊ ၂ ယောက်က အလောင်းမရသေးဘူး။ မြို့ခံတွေက အိန္ဒိယဘက်အချို့ ပြေးကြတယ်၊ ရွာတွေနားက တောတွေမှာ ပုန်းတဲ့သူတွေလည်းရှိတယ်” လို့ မတူပီမြို့ခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်ကလည်း ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ် ဝေလူး (Voilu) ကျေးရွာမှာ လေကြောင်းဗုံးကြဲခံရတာကြောင့် ကလေးငယ် ၈ ယောက် အပါအဝင် ဒေသခံ ၁၁ ယောက် သေဆုံးခဲ့ပါသေးတယ်။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် ဘုန်းကြီး ၃ ပါးနဲ့ အမျိုးသား ၁ ဦးတို့ကို စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ 

နိုဝင်ဘာ ၂၁ ရက်နေ့က သုံးဆယ်မြို့၊ ရေဝေရပ်ကွက်၊ အောင်ချမ်းသာဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဘုန်းကြီး ၃ ပါးကို ဖမ်းဆီးခဲ့ပြီး ရဲစခန်း ပစ်ခတ်ခံရချိန်မှာ CCTV မှ မြင်ခဲ့ရသူ ဖြတ်သန်းသွားလာတဲ့ အမျိုးသားကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ 

သုံးဆယ်မြို့ခံတဦးက “အဲဒီညက သေနတ်တွေ ပစ်ဖောက်ပြီး ဖမ်းတာမျိုးတွေတော့ ရှိတယ်။ မြို့ခံတွေအားလုံး ပြန်လွှတ်ပြီး ဧည့်သည်တွေကိုပဲ ဖမ်းထားတာ။ ဘုန်းကြီး ၃ ပါးကလည်း တခြားမြို့က လာတာ။ အစ်ကိုကြီး တယောက်က ဟိုတယ်မှာ အဖမ်းခံရတာ။ စစ်ကြောရေး ဝင်နေတယ် ကြားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ 

သုံးဆယ်မြို့မရဲစခန်းကို သာယာဝတီဂဠုန်တပ်ဖွဲ့က နိုဝင်ဘာ ၂၀ ရက် ည ၉ နာရီလောက် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲ ၁ ဦး သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ 

အဲဒီတိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့က အောင်ချမ်းသာဘုန်းကြီးကျောင်းကို အလည်အပတ်‌ ရောက်ရှိနေတဲ့ ဘုန်းကြီး ၃ ပါးနဲ့ သုံးဆယ်မြို့ ကြည်စင်မိုတယ်မှာ တည်းခိုနေသူ အမျိုးသား ၁ ဦးတို့ကို ဖမ်းဆီး စစ်ဆေးနေတာလို့ သိရပါတယ်။ 

ဧပြီ ၁၄ ရက်နေ့ကလည်း စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဆက်ကြေးပေးပြီး လောင်းကစားဝိုင်း ပြုလုပ်နေတဲ့နေရာ မိုင်းဆွဲတိုက်ခိုက်ခံရလို့ အရပ်သားပြည်သူ ၂၀ ထက်မနည်း ဖမ်းဆီးစစ်ဆေးခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013