DVB Logo
Home
ဆောင်းပါး
ထောင်ဝင်စာတထုပ် ရဖို့ စိုးရိမ်နေရပြီလား
DVB
·
May 17, 2026
ထောင်ဝင်စာတထုပ် ရဖို့ စိုးရိမ်နေရပြီလား
Donate to DVB

“တချို့လတွေဆို အလှူငွေမလောက်လို့ လိုက်ချေးရတယ်။ အဖွဲ့သားတွေက ကိုယ့်ဝင်ငွေ ကိုယ် စိုက်ထည့်ရတာတွေလည်း ရှိတယ်”လို့ နိုင်ငံရေးအကျဉ်းသားတွေကို ထောက်ပံ့နေတဲ့ “ထောင်ဝင်စာပို့ကြမယ်” အဖွဲ့တာဝန်ခံ ကိုကွီးဂဏန်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား အရေအတွက် မြင့်တက်နေဆဲဖြစ်သလို ထောင်တွင်းရှိသူတွေကို ထောက်ပံ့ပေးနေရတဲ့ မိသားစုတွေနဲ့ အရပ်ဘက်ထောက်ပံ့ရေးအဖွဲ့တွေရဲ့ ဝန်ထုပ်ဝန်ပိုးကလည်း ကြီးမားလာနေတာပါ။

“ထောင်ဝင်စာ ပို့ကြမယ်” အဖွဲ့ဟာ နိုင်ငံတကာအဖွဲ့တွေဆီမှာ အဆိုပြုချက် (Proposal) နဲ့ ငွေကြေးထောက်ပံ့မှု (Grant) တွေအပေါ် မမှီခိုဘဲ တော်လှန်ရေးထောက်ခံသူ ပြည်သူတွေရဲ့ လစဉ်အလှူငွေတွေနဲ့ “နွေဦးနရသိန်” YouTube Channel က ဝင်ငွေတွေအပေါ် အခြေခံပြီး ရပ်တည်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။

ဒါပေမဲ့ တော်လှန်ရေးကာလ ၅ နှစ်ကျော်လာချိန်မှာ စီးပွားရေးဖိအားတွေကြောင့် ပြည်သူတွေရဲ့ လှူဒါန်းနိုင်စွမ်း လျော့နည်းလာပြီး အဖွဲ့တွေအနေနဲ့လည်း ရေရှည်ရပ်တည်ရေး စိုးရိမ်မှုတွေ တိုးလာနေပါတယ်။

“ပုဒ်မ ၅၀၅ လို နှစ်နည်းတဲ့အမှုတွေနဲ့ ကျခံနေရသူတွေရဲ့ မိသားစုတွေက တောင့်ခံနိုင်သေးတယ်။ ဒါပေမဲ့ နှစ်ရှည်ကျခံနေရတဲ့ နိုင်ကျဉ်းတွေရဲ့ မိသားစုတွေကတော့ အပြင်မှာ စားဝတ်နေရေးတောင် နပ်မှန်ဖို့ ရုန်းကန်နေရတယ်” လို့ ကိုကွီးဂဏန်းက ပြောပါတယ်။

လက်ရှိမှာ အဖွဲ့အနေနဲ့ အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသား ၁,၄၀၀ ဝန်းကျင်ကို လစဉ် ထောက်ပံ့နေပြီး တလကုန်ကျစရိတ်က ကျပ်သိန်း ၂၅၀ နဲ့ ၃၀၀ ကြား ရှိတယ်လို့ ဆိုပါတယ်။

အများဆုံးထောက်ပံ့ပေးနေရတဲ့ ထောင်တွေကတော့ အင်းစိန်၊ သာယာဝတီ၊ ဒိုက်ဦး၊ အိုးဘို၊ သထုံ၊ ကျိုက်မရော၊ မြစ်ကြီးနားနဲ့ မုံရွာထောင်တွေဖြစ်ပြီး ပခုက္ကူ၊ မကွေး၊ မြင်းခြံ၊ တောင်ကလေး၊ မြိတ်နဲ့ ကော့သောင်းထောင်တွေက နိုင်ငံရေးအကျဉ်းသားတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

“အိမ်မလာ ကျောင်းမလာ” လို့ ခေါ်ခံရသူတွေ

နိုင်ငံရေးအကျဉ်းသားတွေအတွက် အခက်အခဲဟာ ထောင်တွင်းမှာသာမက အပြင်ဘက် မိသားစုတွေဆီမှာလည်း ပိုမိုပြင်းထန်လာနေပါတယ်။

ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ ခရီးစရိတ် မြင့်တက်လာတာတွေကြောင့် ထောင်ဝင်စာနဲ့ လူတွေ့သွားဖို့ အခက်အခဲတွေ ပိုများလာတယ်လို့ နိုင်ငံရေးအကျဉ်းသူ မရွန်းက ပြောပါတယ်။

“အမေအို၊ အဖေအိုတွေက သူတို့လုပ်စာလေးနဲ့ သားသမီးကို ထောင်ဝင်စာပို့ပြီး ရုန်းကန်နေရတာတွေ ရှိတယ်။”

တချို့မိသားစုတွေဟာ သားသမီးတွေအတွက် ရှိသမျှပစ္စည်းတွေကို ပေါင်နှံရောင်းချပြီး ထောက်ပံ့ပေးနေကြပေမဲ့ တချို့မှာတော့ စီးပွားရေးဖိအားကြောင့် လုံးဝပြန်မကြည့်နိုင်တော့တဲ့ အခြေအနေတွေ ရှိလာပါတယ်။

အဲဒီလို မိသားစုထောက်ပံ့မှု မရတော့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်စကားနဲ့ “အိမ်မလာ ကျောင်းမလာ” လို့ ခေါ်ကြပါတယ်။

သူတို့အနေနဲ့ ထောင်တွင်း လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူနိုင်ဖို့ တခြားအကျဉ်းသားတွေရဲ့ အဝတ်လျှော်ပေးတာ၊ တခါသုံးကော်ခွက်တွေ ဆေးပေးတာ၊ သန့်ရှင်းရေးအလုပ်တွေ လုပ်ပေးတာမျိုးတွေနဲ့ ငွေရှာကြရပါတယ်။ ထောင်စကားနဲ့ “ဘောက်ချာ” လို့ ခေါ်ကြပါတယ်။

“အရင်ကတော့ အခြားအမှုနဲ့ ထောင်ကျတဲ့သူတွေ အများဆုံးလုပ်တာ။ အခုတော့ နိုင်ကျဉ်းတွေလည်း အဲဒီလိုလုပ်ပြီး ဖြေရှင်းနေရတဲ့သူတွေ များလာတယ်” လို့ နိုင်ငံရေးအကျဉ်းသူ မရွန်းက ဆိုပါတယ်။

ထောင်တွင်းအခြေအနေနဲ့ ဖိအားများ

နိုင်ငံရေးအကျဉ်းသားတွေဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ပိုင်းဆိုင်ရာ ဖိအားတွေအပြင် ထောင်စည်းကမ်းနဲ့ အာဏာပိုင်တွေရဲ့ ထိန်းချုပ်မှုတွေကိုလည်း ရင်ဆိုင်နေရတယ်လို့ လွတ်မြောက်လာသူတွေက ပြောပါတယ်။

တချို့ထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားအချင်းချင်းအပေါ် ထောင်ဝန်ထမ်းတွေက အသုံးချပြီး ဖိအားပေးတာတွေ ရှိတယ်လို့လည်း အမည်မဖော်လိုတဲ့ နိုင်ကျဉ်းဟောင်းတဦးက ပြောပါတယ်။

“သူတို့နဲ့ အဆင်မပြေရင် အလှမ်းဝေးတဲ့၊ ခေါင်တဲ့ထောင်တွေကို ပို့လိုက်တာမျိုးတွေ ရှိတယ်။”

ထောင်တွင်း အစားအသောက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေတွေကလည်း အကန့်အသတ် ရှိနေတယ်လို့ နိုင်ကျဉ်းဟောင်းတွေက ဆိုပါတယ်။

မနက်ပိုင်းမှာ ရေနွေးကြမ်းနဲ့ ဆန်ကြမ်းထမင်းကြော်၊ နေ့လယ်နဲ့ ညနေပိုင်းတွေမှာ ဆန်ကြမ်းထမင်းနဲ့ ဟင်းရည်ကျဲတွေကို အဓိကစားသောက်ရပြီး တပတ်မှာ ၃ ရက်ဝန်းကျင်သာ အသားဟင်းရတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုအတွက် ထောင်ဝန်ထမ်း သူနာပြုတွေ လာရောက်စစ်ဆေးပေးတာ ရှိပေမဲ့ အရေးပေါ် အခြေအနေတွေမှာ ဆရာဝန်ရောက်လာဖို့ အနည်းဆုံး ၂ နာရီ အချိန်ကြာမြင့်တတ်တယ်လို့ ပြောပါတယ်။

စည်းမျဉ်း၊ စာရွက်စာတမ်းနဲ့ လာဘ်ငွေပြဿနာ

နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဝင်စာပို့ရာမှာ စာရွက်စာတမ်း ကန့်သတ်ချက်တွေကလည်း မိသားစုဝင်တွေအတွက် အခက်အခဲ ဖြစ်စေတယ်လို့ နိုင်ကျဉ်းအရေး ကူညီပေးနေတဲ့ ရှေ့နေ ကိုဇော် (အမည်လွှဲ) က ပြောပါတယ်။

လက်ရှိမှာ မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာ စတဲ့ စာရွက်စာတမ်းတွေ လိုအပ်နေပြီး တချို့နေရာတွေမှာ ငွေတောင်းခံတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

“မိသားစုဝင်ရောက်ခွင့်ကို ကန့်သတ်တာထက် အကျဉ်းသားအခွင့်အရေးရှုထောင့်က ကြည့်ဖို့လိုတယ်” လို့ ကိုဇော်က ပြောပါတယ်။

မိသားစုနဲ့ သန်းခေါင်စာရင်း မတူတဲ့ ဇနီး၊ ခင်ပွန်း ဒါမှမဟုတ် ဆွေမျိုးတွေဟာ လူတွေ့ခွင့်မရတာ၊ ထောင်ဝင်စာပို့ခွင့် မရတာမျိုးတွေ ကြုံရတယ်လို့ သူက ဆိုပါတယ်။

ထောင်ဝန်ထမ်းတွေဟာ ငွေကြေးကို အနည်းဆုံး ၅,၀၀၀ ကနေ အများဆုံး ၂၀,၀၀၀ အထိ တောင်းခံနေတာဖြစ်ပြီး မိသားစုနဲ့သာ တွေ့ရမယ်ဆိုတဲ့ စည်းမျဉ်းတွေဟာ လက်တွေ့ဘဝနဲ့ မကိုက်ညီတဲ့ အခြေအနေတွေ ရှိတယ်။

“တချို့ဆို မိန်းမရှိတယ်၊ ကလေးရှိတယ်။ ဒါပေမဲ့ သန်းခေါင်စာရင်းမဝင်လို့ တွေ့ခွင့်မရဘူး” လို့ သူက ဆိုပါတယ်။

ဒါကြောင့် မှတ်ပုံတင်အတည်ပြုနိုင်ရုံနဲ့ ထောင်ဝင်စာပို့ခွင့်ပြုသင့်ပြီး အကျဉ်းသားရဲ့ ဆွေမျိုးနီးစပ်သူများကိုလည်း လိုအပ်သလို တွေ့ခွင့်ပေးသင့်တယ်လို့ သူက အကြံပြုပါတယ်။

စီးပွားရေးဖိအားနဲ့ လျော့နည်းလာတဲ့ ဝယ်နိုင်စွမ်း

စီးပွားရေးသုတေသနပညာရှင်တဦးကတော့ လက်ရှိပြဿနာရဲ့ အဓိကအကြောင်းရင်းဟာ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာပေမဲ့ လူတွေရဲ့ဝင်ငွေ မတိုးလာတာကြောင့် ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“အရင်က ဆန် ၁၀ ပြည် ဝယ်နိုင်တဲ့ မိသားစုက အခု ၅ ပြည်ပဲ ဝယ်နိုင်တော့တဲ့ အခြေအနေ ဖြစ်သွားတာပေါ့။”

စစ်အာဏာသိမ်းမှုနောက်ပိုင်း အလုပ်အကိုင် အခွင့်အလမ်းတွေ လျော့နည်းလာတာ၊ ကုန်စည်စီးဆင်းမှု အခက်အခဲတွေ ရှိလာတာ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျဆင်းလာတာတွေကြောင့် ပြည်သူတွေရဲ့ဝင်ငွေ ကျဆင်းလာပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ တက်လာတယ်လို့ သူက သုံးသပ်ပါတယ်။

ဒါကို ဖြေရှင်းနိုင်ဖို့ဆိုရင် ဝင်ငွေတိုးစေနိုင်တဲ့ ပြည်တွင်းထုတ် ကုန်ကြမ်းတွေကို ကုန်ချောအဖြစ် ပြောင်းလဲနိုင်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ဖို့ လိုတယ်လို့ အကြုံပြုပါတယ်။

ဒါပေမဲ့လည်း စစ်တပ်ကို နိုင်ငံတကာက ပိတ်ဆို့အရေးယူတာ၊ ရှိနေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပြန်ထွက်သွားတာတွေနဲ့ ရင်ဆိုင်နေရတာပါ။

“ထောင်ဝင်စာ” ဟာ အသက်ရှင်ရေး

ဘားအံ တောင်ကလေးထောင်မှာ ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတဦးရဲ့ ဇနီးကတော့ သူမအနေနဲ့ အိမ်မှာ ၂ လုံးထီ၊ ချဲနဲ့ ထိုင်းထီတွေ ရောင်းပြီး မိသားစုအသုံးစရိတ်နဲ့ ထောင်ဝင်စာစရိတ်တွေ ရှာဖွေနေရတယ်လို့ ပြောပါတယ်။

သူ့မှာ ကလေး ၂ ယောက်ရှိပြီး ကျောင်းစရိတ်၊ အိမ်လခနဲ့ ထောင်ဝင်စာစရိတ်တွေကို တပြိုင်တည်း ဖြေရှင်းနေရတယ်လို့ ဆိုပါတယ်။

“အခက်ခဲဆုံးအချိန်က အိမ်လခပေးရမဲ့ အချိန်တွေပါ” လို့ သူက ပြောပါတယ်။

ဘားအံထောင်ဟာ နယ်ဝေးဖြစ်တာကြောင့် ၆ လလောက်မှ တကြိမ်သာ လူတွေ့သွားနိုင်ပြီး ခရီးစရိတ်နဲ့ တည်းခိုစရိတ်တွေကို သူငယ်ချင်းတွေက ဝိုင်းကူပေးရတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သူ့အနေနဲ့ ထောင်ဝင်စာပို့တာကို ရပ်တန့်ဖို မစဉ်းစားဘူးလို့လည်း ပြောပါတယ်။

“သူ့အတွက် ကိုယ်အသက်ရှင်နေသရွေ့ တတ်နိုင်သလောက် အားလုံးလုပ်ပေးသွားမှာပါ။”

သူဟာ အိမ်စာချုပ်ပြည့်တဲ့လဆိုရင် အိမ်လခတွေရော ယောကျ်ား ထောင်ဝင်စာဖိုးရော ကလေးတွေ ကျောင်းလခတွေအပါ နေ့တိုင်း စားဖို့ စျေးဖိုးတွေကို ရှာရတာ ခက်ခဲလာနေတာပါ။

“ပိုက်ဆံလိုလို့ သူငယ်ချင်းဆီချေးသုံးရင် တလကို အတိုး ၂၀ တိုး ပေးရပါတယ်။ အိမ်လခပေးဖို့ ပိုက်ဆံတွေ မပြည့်တဲ့အခါ အဲ့လိုမျိုး ချေးရပါတယ်။ ပြီးရင် အတိုးတွေသပ်နိုင်ဖို့ ပိုရှာကြံရတော့တာပဲ” လို့ သူက ပြောပါတယ်။

သူ့ရဲ့ ခင်ပွန်းဟာ ပုဒ်မ ၅၂(က)၊ ၅၀(ည) နဲ့ ၄၉(ဃ) တွေနဲ့ ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခံထားရပြီး လက်ရှိမှာတော့ ၁၄ နှစ်ကျော် ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။

“ဒီဒုက္ခတွေက ကိုယ်တယောက်တည်း ကြုံနေရတာ မဟုတ်ဘူး။ မဝေးတော့တဲ့တနေ့တော့ ကျမတို့မိသားစုတွေ လူပြန်ဆုံကြမယ်လို့ ယုံကြည်ပါတယ်။”

ထောက်ပံ့မှုကွန်ရက်တွေရဲ့ အရေးပါမှု

လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူ မရွန်းကတော့ ထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ အတွက် ထောက်ပံ့မှုကွန်ရက်တွေဟာ စိတ်ပိုင်းဆိုင်ရာအရ အလွန်အရေးကြီးတယ်လို့ ပြောပါတယ်။

“ငါတို့ကို မမေ့ကြသေးဘူးဆိုတဲ့ စိတ်နဲ့ စိတ်ခွန်အားတွေ အများကြီးရခဲ့တာပါ။”

သူ ထောင်ထဲမှာရှိစဉ်က ကိုယ့်မြို့က ထောက်ပံ့ရေးအဖွဲ့တွေဆီက ပုံမှန် ပါဆယ်လာတဲ့အခါ “ငါတို့ချည်းပဲမဟုတ်ဘူး” ဆိုတဲ့ ခံစားချက် ရခဲ့တယ်လို့ ပြောပါတယ်။

ရေရှည်ရပ်တည်ရေး စိုးရိမ်မှု

ထောက်ပံ့ရေးအဖွဲ့တွေကတော့ အလှူငွေတွေ ဆက်လက်လျော့နည်းလာရင် လက်ရှိလို နိုင်ငံရေးအကျဉ်းသား ၁,၄၀၀ ဝန်းကျင်ကို လစဉ်ပုံမှန်ထောက်ပံ့နိုင်တဲ့ အခြေအနေကနေ တလ ၇၀၀ ဦးစီ အလှည့်ကျ ထောက်ပံ့ရတဲ့ အခြေအနေကို ရောက်လာနိုင်တယ်လို့ ဆိုပါတယ်။

“အကူအညီ လာတောင်းတဲ့သူတွေက လတိုင်း တိုးလာတယ်။ ဒါပေမဲ့ အလှူငွေကတော့ လျော့လာတယ်” လို့ ကိုကွီးဂဏန်းက ပြောပါတယ်။

အကျဉ်းကျ နိုင်ငံရေးအကျဉ်းသားတွေကို လစဉ်ထောက်ပံ့ပေးနေတဲ့ မနှင်းပွင့်ကတော့ ဝင်ငွေ ကျဆင်းလာတာကြောင့် မထောက်ပံ့နိုင်တာ ၅ လရှိပြီဖြစ်ပေမဲ့ ပြန်လည်ထောက်ပံ့ပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။

“အပြင်မှာတောင် စားသောက်ရတာ ခက်ခဲနေတာ၊ အထဲက နိုင်ကျဉ်းတွေဆို ဘယ်လောက် ခက်ခဲမလဲဆိုတာ တွေးမိပြီး အမြဲတမ်း အားနာတဲ့စိတ်နဲ့ ကူညီဖို့ ကြိုးစားနေပါတယ်။”

နိုင်ငံရေးအကျဉ်းသားတွေ ဖမ်းခံထားရဆဲ

အာဏာသိမ်းစစ်တပ်ဘက်ကတော့ နိုင်ငံရေးအကျဉ်းသားတွေကို ဟန်ပြ ပြန်လွှတ်ပေးနေပေမဲ့ ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျဉ်းခံနေရဆဲ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ နိုင်ငံတကာက တွန်းအားပေး တောင်းဆိုနေကြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၆ ခုနှစ် မေ ၁၃ ရက်အထိ ဖမ်းဆီးခံရသူ ၃၀,၀၀၀ ကျော်ရှိခဲ့ပြီး အဲဒီထဲက ၁၄,၀၀၀ ကျော်မှာ ဆက်လက်ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ မေလ ၁၃ ရက်မှာ ဖော်ပြထားပါတယ်။

ထောင်နံရံတွေအတွင်းက နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဘဝဟာ အပြင်ဘက်က မိသားစုတွေရဲ့ နေ့စဉ်ရုန်းကန်မှု၊ ထောက်ပံ့ရေးအဖွဲ့တွေရဲ့ အကြွေးတင်ခံနေရမှုနဲ့ ပြည်သူတွေရဲ့ လျော့နည်းလာတဲ့ အလှူငွေတွေအပေါ် ဆက်လက်ချိတ်ဆက်နေဆဲ ဖြစ်ပါတယ်။

“ကျမယောက်ကျားက သူခိုးဂျပိုးအမှုနဲ့ ထောင်ကျတာမဟုတ်လို့ ဂုဏ်ယူပါတယ်။ သူ့ကိုလည်း ကျန်းမာရေးဂရုစိုက်ဖို့ အိမ်ပြန်လာဖို့လည်း မဝေးတော့တဲ့အကြောင်း စာထဲမှာ အမြဲ အားပေးဖြစ်ပါတယ်” လို့ ဘားအံ တောင်ကလေးထောင်မှာ ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတဦးရဲ့ ဇနီးက ပြောပါတယ်။

မင်းဆက်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013