
တင်းမာမှုတွေကို ထိန်းချုပ်ဖို့ အနောက်ဘော်လကန်ဒေသမှာ တပ်ဖွဲ့ဝင်အရေအတွက် ပိုတိုးဖို့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးက ကြိုးပမ်းနေတယ်လို့ နေတိုးအတွင်းရေးမှူးချုပ် ယန်းစတော့တန်ဘာ့ဂ်က ပြောလိုက်ပါတယ်။
ရဲတပ်ဖွဲ့နဲ့ လက်နက်ကိုင် ဆာ့ဘ်တွေအကြား တိုက်ပွဲဖြစ်ခဲ့လို့ ကိုဆိုဗိုနိုင်ငံမြောက်ပိုင်းက ဆိတ်ငြိမ်ကျေးရွာကို စက်တင်ဘာ ၂၄ ရက်က စစ်ပွဲဇုန်အဖြစ် ပြောင်းလဲခဲ့ပြီးတဲ့နောက် မဟာမိတ် အဖွဲ့ဟာ ဗြိတိန်နဲ့ ရိုမေးနီးယားက ရာနဲ့ချီတဲ့ တပ်ဖွဲ့တွေကို ကိုဆိုဗိုနိုင်ငံဆီ စေလွှတ်ခဲ့ပါတယ်။
ကိုဆိုဗိုနိုင်ငံဆီ အလည်အပတ်ရောက်နေတဲ့ စတော့တန်ဘာ့ဂ်က “ဒါဟာ ကိုဆိုဗို ဒါမှမဟုတ် ပိုကျယ်ပြန့်တဲ့ဒေသမှာ အကြမ်းဖက်ပဋိပက္ခ အသစ်တွေ မဖန်တီးတာနဲ့ ထိန်းမနိုင် သိမ်းမရမဖြစ်တာ သေချာစေဖို့ ဒီထက်ပိုပြီး တပ်အင်အားကို အမြဲတမ်း တိုးမြှင့်ထားသင့်သလားဆိုတာ ကျနော်တို့ သုံးသပ်နေပါတယ်"လို့ ပြောပါတယ်။
စက်တင်ဘာလမှာ သေနတ်ပစ်ခတ်မှုဖြစ်အပြီး အယ်လ်ဘေးနီးယားလူမျိုး အများစုနေတဲ့ ကိုဆိုဗိုမှာ တည်ငြိမ်မှုကို နိုင်ငံတကာက အသစ်တဖန် စိုးရိမ်ပူပန်ခဲ့ပါတယ်။
ကိုဆိုဗိုဟာ ၂၀၀၈ ခုနှစ်မှာ ပြောက်ကျားတပ်တွေ ပုန်ကန်ထကြွမှုအပြီး ဆားဘီးယားနိုင်ငံကနေ လွတ်လပ်ရေး ရပြီလို့ ကြေညာခဲ့ပြီး ၁၉၉၉ ခုနှစ်မှာတော့ နေတိုးတပ်က ကြားဝင် ဖျန်ဖြေပေးခဲ့ရပါတယ်။
ကိုဆိုဗိုမြောက်ပိုင်းမှာနေတဲ့ ဆာ့ဘ်လူမျိုး အယောက် ၅၀,၀၀၀ လောက်ဟာ ကိုဆိုဗို အစိုးရရဲ့ အဖွဲ့အစည်းတွေကို အသိအမှတ်မပြုဘဲ ဆားဗီးယားနိုင်ငံရဲ့ မြို့တော်ကို သူတို့ရဲ့မြို့တော်အဖြစ် ရှုမြင်ကြပါတယ်။
သူတို့ဟာ ကိုဆိုဗိုရဲတပ်ဖွဲ့နဲ့ နိုင်ငံတကာငြိမ်းချမ်းရေး ထိန်းသိမ်းသူတွေနဲ့ မကြာခဏ ထိပ်တိုက်တွေ့ဆုံကြပေမဲ့ စက်တင်ဘာလတုန်းက အကြမ်းဖက်မှုဟာ လတ်တလော နှစ်တွေအတွင်း အဆိုးရွားဆုံးဖြစ်ပါတယ်။
နေတိုးရဲ့ KFOR ငြိမ်းချမ်းရေး ထိန်းသိမ်းမှုမစ်ရှင်ဟာ ၁၉၉၉ ခုနှစ်ကတည်းက စတင်တာဝန် ထမ်းဆောင်ခဲ့ပြီး နိုင်ငံပေါင်း ၂၇ နိုင်ငံက တပ်ဖွဲ့ဝင် ၄,၅၀၀ ကျော် ပါဝင်ထားပါတယ်။
Source/Photo - Reuters










