DVB Logo
Home
နိုင်ငံတကာ
အစ္စရေး တိုက်ခိုက်မှုကြောင့်သေဆုံးခဲ့သည့် လက်ဘနွန်ရုပ်သံသတင်းထောက် ၂ ဦး၏ အလောင်း ပြန်သယ်
DVB
·
November 23, 2023
အစ္စရေး တိုက်ခိုက်မှုကြောင့်သေဆုံးခဲ့သည့် လက်ဘနွန်ရုပ်သံသတင်းထောက် ၂ ဦး၏ အလောင်း ပြန်သယ်
Donate to DVB

လက်ဘနွန်နယ်စပ်အနီး အစ္စရေး တိုက်ခိုက်မှုအတွင်း သေဆုံးသွားရတဲ့ လက်ဘနွန် တီဗီချန်နယ်မှ သတင်းထောက် နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို နိုဝင်ဘာ ၂၁ ရက်က ဘေရွတ်မြို့တော်ကို ပြန်သယ်ဆောင်လာပါတယ်။

သေဆုံးသွားသူတွေဟာ သတင်းထောက် ဖှာရာအိုမာနဲ့ ကင်မရာရိုက်ကူးသူ ရာဘီး အလ်မက်မာရီ လို့ အလ်မာယာဒီးန် ရုပ်သံဌာနက  ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုမှာ သေဆုံးသွားတဲ့ တတိယမြောက်လူမှာ ဟူစိန် အကွီလ်ဖြစ်ပြီး သူကတော့ အလ်မာယာဒီးန် ရုပ်သံလိုင်းနဲ့ အလုပ်လုပ်သူ မဟုတ်ကြောင်း ရိုက်တာသတင်းဌာနကို ပြောပါတယ်။ 

ဒီချန်နယ်က ပါလက်စတိုင်း လိုလားသူနဲ့ အီရန်လိုလားသူ ဒေသတွင်း စစ်မဟာမိတ်အဖြစ် လူသိများတာကြောင့် အစ္စရေးနယ်စပ်ကနေ တမိုင်လောက်သာဝေးတဲ့ တီယာဟာဖှာမြို့အနီး အင်္ဂါနေ့က အစ္စရေး ရဲ့တိုက်ခိုက်မှုဟာ တီဗီအဖွဲ့သားတွေကို တမင်ရည်ရွယ် ပစ်မှတ်ထားခဲ့တာ ဖြစ်ကြောင်း အလ်မာယာဒီးန်ရုပ်သံက ပြောပါတယ်။ 

အစ္စရေးစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ သတင်းသမားတွေနဲ့ ပတ်သက်တဲ့ တိုင်ကြားချက် တခုကို သတိပြုမိတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

အဲဒီနေရာဟာ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြင်းထန်တဲ့ နယ်မြေတခု ဖြစ်လို့ အဲဒီနေရာမှာ ရှိနေတာဟာ အန္တရာယ်များပါတယ်လို့ ဆိုပါတယ်။ အစ္စရေးစစ်တပ်ဟာ တိုက်ပွဲ ဖြစ်ပွားရာနေရာတွေမှာ သတင်းထောက်တွေရဲ့ လုံခြုံရေးကို အာမခံနိုင်မှာ မဟုတ်ကြောင်း အရင်ကတည်းက ပြောထားပါတယ်။

အောက်တိုဘာ ၇ ရက်မှာ စပြီး အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား စစ်ပွဲသတင်းနဲ့ တခြားနေရာ အနှံ့အပြားမှ သတင်းတွေကို ရယူရင်း သေဆုံးသွားရတဲ့ သတင်းထောက် ၅၀ ကျော် သေဆုံးခဲ့ကြောင်း သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) အဆိုအရ သိရပါတယ်။

အဲဒီထဲမှာ အစ္စရေးနယ်စပ်အနီး လက်ဘနွန်မှာ အောက်တိုဘာ ၁၃ ရက်က သေဆုံးသွားတဲ့ ရိုက်တာသတင်းထောက် အစ်ဆမ် အဗ္ဗဒယ်လာလည်း ပါဝင်နေပြီး အများစုဟာ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်က အစ္စရေးထဲ နယ်ကျော်သတ်ဖြတ်ကာ ဓားစာခံတွေ ဖမ်းဆီးသွားပြီးနောက် အစ္စရေးက လက်တုံ့ပြန် ဗုံးမိုးရွာ တိုက်ခိုက်ခဲ့တဲ့ ဂါဇာကမ်းမြောင်မှာ သေဆုံးခဲ့ကြတာပါ။

ဟားမတ်စ်တို့ရဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအပြီး အစ္စရေးနဲ့ လက်ဘနွန် နယ်စပ်တလျှောက် အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အစ္စရေးနဲ့ အီရန် ကျောထောက်နောက်ခံပြု ဟားမတ်စ်အဖွဲ့ရဲ့ မဟာမိတ်ဖြစ်တဲ့ လက်ဘနွန်မှ ဟစ်ဇ်ဘိုလာအဖွဲ့တို့ဟာ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်လာနေပြီး အပြန်အလှန် ဒုံးကျည်တွေ ပစ်ခတ်ခဲ့ပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013