DVB Logo
Home
မြန်မာသတင်း
မတ္တရာ၊ ကနီ၊ ပခုက္ကူမြို့တို့တွင် စစ်ကောင်စီတပ်၊ ရဲစခန်းနှင့်စစ်ဆေးရေးဂိတ်များ တိုက်ခိုက်ခံရ
DVB
·
November 23, 2023
မတ္တရာ၊ ကနီ၊ ပခုက္ကူမြို့တို့တွင် စစ်ကောင်စီတပ်၊ ရဲစခန်းနှင့်စစ်ဆေးရေးဂိတ်များ တိုက်ခိုက်ခံရ
1 / 4
Donate to DVB

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးရွာတိုက်ပွဲမှာ စစ်အုပ်စုဘက်က အင်အား ၃၀ ကျော် သေဆုံးခဲ့တယ်လို့ မတ္တရာ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

နိုဝင်ဘာ ၁၉ ရက်က မန္တလေးမြို့နဲ့ ငါးမိုင်ခန့်အကွာမှာရှိတဲ့ ဧရာဝတီမြစ်ကမ်းနံဘေး သုံးဆယ်ပေးကျေးရွာက စစ်အုပ်စုရဲ့ အထိုင်ချစခန်းကို စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ပေမယ့် လက်နက်ခဲယမ်း မလုံလောက်တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

မတ္တရာ ပကဖရဲ့ ဘဏ္ဍာရေးတာဝန်ခံ ဗိုလ်ဒေါင်းမင်းက “ကျည် မလုံလောက်မှုရယ်၊ ခဲယမ်းမလုံလောက်မှုရယ်၊ စကစ က မန္တလေးနဲ့ အနီးစပ်ဆုံးဖြစ်နေတဲ့အတွက်ကြောင့်မို့ ကျနော်တို့ စခန်းသိမ်းနိုင်မဲ့အချိန်မှာ ပြန်လည်ဆုတ်ခွာခဲ့ရတယ်ပေါ့နော်။ ကျနော်တို့ဘက်က ပြည်သူလူထုကို တောင်းဆိုချင်တာက အားမပျက်ဖို့ရယ်၊ မြို့သိမ်းတိုက်ပွဲတွေဆိုတာလည်း မကြာခင်မှာ ဒီထက်ပိုအားကောင်းကောင်းနဲ့ လာတော့မှာပေ့ါ။ အဲဒီအချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ လက်နက်ခဲယမ်းတွေ ပိုမိုလိုအပ်နေပါတယ်” လို့ ပြောပါတယ်။

စခန်းတခုလုံး သိမ်းနိုင်မယ့်အခြေအနေမှာ လက်နက်ခဲယမ်း မလုံလောက်တော့တာအပြင် မန္တလေးကနေ စစ်ကားကြီး ၄ စီးနဲ့ စစ်ကူရောက်လာတဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ မတ္တရာ ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပြင်ဦးလွင်ခရိုင် ပကဖ၊ ပုသိမ်ကြီးမြို့နယ် ပကဖ၊ Special 10-PDF၊ Generation ZPower-GZP(Mandalay)၊ Thunder Bird(LDF)၊BRA၊ Shar Htoo Waw နည်းပညာ အဖွဲ့တွေ ပူးပေါင်းတိုက်စစ်ဆင်ခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် သုံးဆယ်ပေးကျေးရွာရဲ့ မြောက်ဘက် ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကားတွေကိုလည်း ပြင်ဦးလွင်ခရိုင် ပကဖ နဲ့ မတ္တရာ ပကဖ တို့ပူးပေါင်းကာ ပဒေသာမိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့တာကြောင့် စစ်အုပ်စုဘက်က အထိအခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ မတ္တရာ ပကဖ ဆီက သိရပါတယ်။

စစ်အုပ်စုကို တိုက်ခိုက်နိုင်ဖို့အတွက် လက်နက်ခဲယမ်းတွေ အဓိကလိုအပ်နေပြီး ပြည်သူတွေအနေနဲ့ တတ်နိုင်သရွေ့ ဝိုင်းဝန်းကူညီပေးကြဖို့လည်း ဘဏ္ဍာရေးတာဝန်ခံ ဗိုလ်ဒေါင်းမင်းက မေတ္တာရပ်ခံထားပါတယ်။

မန္တလေးနဲ့ မိုင်နှစ်ဆယ်ကျော်သာကွာဝေးတဲ့ မတ္တရာမြို့နယ်တခုလုံးနီးပါးမှာ စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဒေသခံ သောင်းနဲ့ချီ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စစ်အုပ်စုဟာ မတ္တရာမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေသလို မြေပြင်မှလည်း အရပ်သားပြည်သူတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့တာတွေ တောက်လျှောက်ပြုလုပ်နေတယ်လို့ မတ္တရာဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ နိုဝင်ဘာ ၂၂ ရက်နေ့ မနက်ကနေ ညနေအထိ နယ်မြေရဲစခန်း ၂ ခုနဲ့ ပျူစောထီး ဂိတ်စခန်း ၁ ခု ဗုံးကြဲတိုက်ခိုက်ခံရပြီး တယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ(၂) Young Force UG ကနေ သိရပါတယ်။

ပခုက္ကူမြို့နယ် ကမ္မနယ်မြေရဲစခန်း၊ ကျပ်ထိုးနယ်မြေရဲစခန်းနဲ့ ညောင်ဂျစ်ပင် ပျူစောထီးဂိတ်တွေကို နိုဝင်ဘာ ၂၂ ရက် မနက် ၄ နာရီလောက်ကနေ ညနေ ၃ နာရီအထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းကာ မောင်းသူမဲ့ လေယာဥ်ငယ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Young Force UG ရဲ့ ပြန်ကြားရေးတာဝန်ခံက DVB ကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ ကမ္မနယ်မြေးရဲစခန်းက ရဲတယောက်သေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျပ်ထိုးနယ်မြေရဲစခန်းရဲ့ ကတုတ်ကျင်းတွေ၊ ဘဏ်ကာတွေထဲမှာ ကျရောက်ပေါက်ကွဲခဲ့လို့ စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူရှိနိုင်ပြီး ညောင်ဂျစ်ပင်ပျူစောထီးဂိတ်မှာလည်း ထိခိုက်သူရှိနိုင်တယ်လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အနောက်မြောက်ဘက် မင်းကင်းမြို့နယ်စပ်မှာရှိတဲ့ လာပို့ရွာအနီးမှာလည်း နိုဝင်ဘာ ၂၂ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လာပို့ရွာအနီးမှာ စစ်ကောင်စီတပ်တွေဟာ မြေအောက်ကေဘယ်လ်ကြိုးတွေကို  (အရပ်အခေါ် -ဆက်သွယ်ရေးစတေရှင်စခန်း) အစောင့်အဖြစ် အထိုင်စခန်း ပြုလုပ်ထားတာလို့ ဆိုပါတယ်။

“တိုက်ပွဲဖြစ်ပွားရာနေရာက ကျနော်တို့ရွာရဲ့ အရှေ့ဘက် ၃ ဖာလုံလောက် ကွာမယ်ဗျ။ ရွာနဲ့ စခန်း က ချောင်း‌ခြားနေလို့သာ ချောင်းတာ မခြားဘူးဆိုရင် နီးနီလေးရယ်။ သူတို့တိုက်ပွဲဖြစ်နေတော့  ရွာထဲကလူတွေ အကုန်ထွက်ပြေးနေရတယ်။ မနက်ခင်း ၈ နာရီလောက်ကျတော့ နမခ ကနေ ‌ဂျက်လေယာဉ်နဲ့လာပြီး ပတ်ကြည့်တာတွေ လုပ်သွားတယ်။ ပစ်ခတ်မှုတော့ လုပ်မသွားဘူး။ နောက် ၁၂ နာရီ၊ မိနစ် ၂၀ လောက်ရောက်တော့ ဂျက်ဖိုက်တာလေယာဉ်နဲ့ထပ်လာပြီး ဗုံးသီးချတယ်ဗျ။ ချတဲ့ ဗုံးသီးက ၃ လုံးချတယ်။ ချတဲ့နေရာက ကျနော်တို့ လာပို့ရွာအနီး ပတ်ပတ်လည်ကို  ချသွားတယ်။ အရပ်သား ၄ ဦး ကျည်စထိမှန်တာတွေ ရှိတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။ ကျန်တဲ့ အပျက်အစီးအထိခိုက်တော့ ဘာမှမသိရသေးဘူး” လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

အခုတိုက်ပွဲဖြစ်ပွားရာ နေရာဟာ ဧပြီ ၁၇ ရက် စစ်ကောင်စီ ဆက်သွယ်ရေး တာဝါတိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ နေရာနဲ့ အနီးဆုံးစခန်းတခု ဖြစ်တယ်လို့လည်း သိရပါတယ်။

“ကျနော်တို့ စခန်းဝင်သိမ်းတာ ညနေ ၃ နာရီလောက် ရောက်တော့ စခန်းကို အပြီးတိုင်သိမ်းနိုင်ခဲ့တယ်ဗျ။ စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်း ကျဆုံးပြီး စခန်းစွန့်ခွာထွက်ပြေးတဲ့ စစ်သားတွေလည်းရှိတယ်။ ကျနော်တို့ဘက်က ၂ ဦး ကျဆုံးပြီး ၅ ယောက် ဒဏ်ရာရတယ်ဗျ။ လက်နက်တချို့လည်း ရရှိတယ်"လို့ ကနီမြို့နယ် ကာကွယ်ရေးခေါင်းဆောင်တဦးက ပြောပါတယ်။

စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲပစ်ခတ်လို့ အသေးစိတ်ပျက်စီးမှုကို သိရဖို့ DVB ဆက်လက်စုံစမ်းနေပြီး ဒေသတွင်း ဆက်သွယ်ရေးဖုန်းလိုင်းများလည်း ဖြတ်တောက်နေပါတယ်။

ကနီမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးဘက်က စစ်ကောင်စီရဲ့ စခန်းသိမ်းပြီး လက်နက် အမြောက်အမြားရရှိမှုဟာ ဒီတကြိမ်နဲ့ဆိုရင် ဒုတိယအကြိမ်လည်းဖြစ်တယ်လို့ ‌ဒေသခံကာကွယ်ရေးခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

တိုက်ပွဲဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013