
တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ထဲက ကျေးရွာပေါင်း ၂၀ လောက်မှာ နိုဝင်ဘာ ၂၁ ရက်က ဖုန်းလိုင်းတွေ ပြတ်တောက်နေတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
တောင်ကလေးကျေးရွာသားတဦးက “ကျနော်တို့ရွာအပါအဝင် ရွာပေါင်း နှစ်ဆယ်နီးပါးလောက် အင်တာနက် သုံးလို့မရတော့ဘူး။ ချောင်းနှစ်ခွတံတား ကျိုးပြီးကတည်းက စစ်တပ်က လမ်းတွေပိတ်ထားတာရယ်၊ လျှပ်စစ်မီးမရတာရယ်ပေါ့။ ပထမက ဖုန်းဆက်လို့ရသေးတယ်။ နောက်ပိုင်း ဖုန်းတောင်ဆက်လို့မရတော့ဘူး" လို့ ပြောပါတယ်။
ကျိုက်မရောမြို့နယ်ထဲမှာ နိုဝင်ဘာ ၁၀ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် ကျေးရွာတချို့မှာ အင်တာနက်လိုင်းတွေနဲ့ ဖုန်းလိုင်းတွေပါ ပြတ်တောက်နေတာဖြစ်ပါတယ်။
ကျိုက်မရောမြို့နယ်မှာ ကျေးရွာပေါင်း ၄၇ ရွာရှိတဲ့အထဲ ချောင်းနှစ်ခွ၊ မယ်ကရို၊ တောင်ကလေး၊ ကနာလို၊ ကျောက်ကွဲ၊ ဖာသိမ်၊ မရမ်းကုန်း၊ ရေပူကော့စပ် စတဲ့ကျေးရွာတွေမှာ မိုဘိုင်းအင်တာနက်လိုင်းတွေအပြင် ဝိုင်ဖိုင်အင်တာနက်လိုင်းတွေပါ ပြတ်တောက်နေကြောင်း သိရပါတယ်။
ချောင်းနှစ်ခွဒေသမှာ စစ်ရေးတင်းမာနေသလို မုဒုံအခြေစိုက် စစ်ကောင်စီအမြောက်တပ်က လက်နက်ကြီးတွေနဲ့ နေ့ရောညပါ ပစ်ခတ်ပေးနေတာကြောင့် ဒေသခံ ၄၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးခိုလှုံနေရတဲ့အတွက် အကူအညီတွေလည်း လိုအပ်နေပါတယ်။