DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲမတိုင်ခင် ပြည်တွင်း၌ အင်တာနက်နှင့် ဖုန်းလိုင်း ဆိုးဝါးနေ
DVB
·
December 19, 2025
ရွေးကောက်ပွဲမတိုင်ခင် ပြည်တွင်း၌ အင်တာနက်နှင့် ဖုန်းလိုင်း ဆိုးဝါးနေ
Donate to DVB

မြန်မာပြည်တွင်းမှာ စစ်တပ်အာဏာသိမ်းစကတည်းက ဆက်သွယ်ရေး ဖြတ်တောက်မှုတွေ လုပ်ဆောင်ခဲ့ပေမဲ့ ရွေးကောက်ပွဲ နီးလာချိန်မှာတော့ မြို့ကြီးတွေမှာပါ ပြည်တွင်းအင်တာနက်နဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်မှုနဲ့ လိုင်းမကောင်းမှုတွေက ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်လို့ ပြည်သူတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် အစပိုင်းကတည်းက မြန်မာပြည်တွင်းရဲ့ ‌ဆက်သွယ်ရေးလိုင်းတွေကို ဖြတ်တောက်တာ၊ ကန့်သတ်တာတွေ လုပ်ဆောင်ခဲ့ပေမဲ့ ရွေးကောက်ပွဲ နီးလာချိန်မှာတော့ မြို့ပြကြီးတွေမှာပါ အင်တာနက်နဲ့ ဖုန်းလိုင်း အသုံးပြုရာမှာ ဆိုးဝါးမှုတွေ ကြုံနေရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအစမှာ ဝိုင်ဖိုင်လိုင်းတွေ ပြတ်တောက်ခဲ့တဲ့အချိန်ကတည်းက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေပါ နှေးကွေးလာတယ်လို့ အင်တာနက်အသုံးပြုသူ မန္တလေးမြို့ခံတယောက်က ပြောပါတယ်။

“လက်ရှိ မြန်မာပြည်တွင်းထဲမှာတော့ ဖုန်းလိုင်းတွေ အင်တာနက်လိုင်းတွေ တော်တော်ဆိုးဝါးနေတယ်လို့ ပြောလို့ရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့ ဝိုင်ဖိုင်တွေ စပြတ်ကတည်းက ဖုန်းလိုင်းရော အင်တာနက်လိုင်းရော လိုင်းဆိုးဝါးသွားတာ။ စာတွေပို့ရင်လည်း sending ဆိုတာပဲ ပြနေတာ။ ဟိုတလောက မှတ်မှတ်ရရ voice message တခုပို့တာ မက်ဆင်ဂျာက လုံးဝပို့မရတော့လို့ ဗိုက်ဘာကနေ သွားပို့လိုက်ရတယ်။ ရွေးကောက်ပွဲကြောင့်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲပြီးရင် ပြန်ကောင်းမယ်လို့ သတင်းတွေလည်း ကြားနေတာဆိုတော့။”

ရွေးကောက်ပွဲပြီးရင် အင်တာနက်လိုင်းတွေ ပြန်ကောင်းအောင် လုပ်ဆောင်ပေးမယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ မြေပြင်မှာ မဲဆွယ်စည်းရုံးနေတာတွေလည်း ကြားသိနေရပါတယ်။ ဒီအတွက်ကြောင့် လူထုကတော့ ရွေးကောက်ပွဲပြီးရင် ဆက်သွယ်ရေးလိုင်းတွေ ပြန်ကောင်းဖို့ မျှော်လင့်နေကြတာပါ။

ရန်ကုန်မြို့နေ အင်တာနက်အသုံးပြုသူတယောက်က “မြန်မာပြည်မှာရှိတဲ့  အင်တာနက်လိုင်းတွေ၊ ဝိုင်ဖိုင်လိုင်းတွေ၊ ဖုန်းလိုင်းတွေ သုံးရတာ တော်တော်လေး အဆင်မပြေဘူး။ နေ့ခင်းကဆို အသိတယောက်ကို အသံဖိုင်ပို့တာ အခု ညနေ ၆ နာရီလောက်ထိကို အသံဖိုင်က မထွက်ဘူး၊ မရောက်ဘူး အဲဒီလိုတွေဖြစ်နေတာ။ တခြားနည်းတွေနဲ့ ပို့ရတယ်။ စာပို့ရင်လည်း စာတွေက ချက်ချင်းမရောက်တာတွေ၊ တချို့ ပုံတွေပို့ရတာလည်း အဆင်မပြေတာတွေ ဖြစ်နေတယ်။ ကြည့်ရတာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အင်တာနက်ကို သူတို့ ဘယ်လိုလုပ်ထားလဲတော့ မသိပေမဲ့ တော်တော်လေး လိုင်းမကောင်းတာတွေကို ကြုံနေရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ အင်တာနက်ကို ရည်ရွယ်ချက် ၄ ခုနဲ့  ပိတ်ဆို့ လုပ်ဆောင်နေတာဖြစ်ကြောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အသံအဖွဲ့က ပြောပါတယ်။

စစ်ရေးထိန်းချုပ်ချင်တာ၊ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖုံးကွယ်ချင်တာ၊ ပြည်သူတွေကို ပိုပြီးကြောက်ရွံ့လာအောင် လုပ်ဆောင်ချင်တာနဲ့ နိုင်ငံရေးအရ ထိန်းချုပ်ချင်တာတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲပြီးရင် အင်တာနက်လိုင်းတွေ ပြန်ကောင်းလာနိုင်မယ် ဆိုတာဟာ စစ်တပ်ရဲ့ ဝါဒဖြန့်ချိမှုတခုသာဖြစ်ပြီး ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် စစ်တပ်ကတော့ သူတို့ကို အွန်လိုင်းပေါ်ကနေ ဆန့်ကျင်တဲ့သူမှန်သမျှကို ဖမ်းဆီး ထောင်ချတာတွေ လုပ်ဆောင်သွားဦးမှာပဲ ဖြစ်တယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အသံအဖွဲ့ရဲ့ ဒါရိုက်တာ Zee Pe က ပြောပါတယ်။

“ရွေးကောက်ပွဲနီးမှ အင်တာနက်တွေ၊ ဖုန်းလိုင်းတွေကို လိုင်းမကောင်းအောင်၊ သုံးလို့မရအောင် ဖိနှိပ်ချုပ်ချယ်ထားတာတွေက ဒီရွေးကောက်ပွဲနီးတဲ့ကာလမှာ ပိုဆိုးလာတယ်လို့ ပြောလို့ရပေမဲ့လည်း ဒီကာလမှလုပ်တာ မဟုတ်ပါဘူး။ သူတို့ စစ်အာဏာသိမ်းတဲ့နေ့ကစပြီး ဒီနေ့ ဒီချိန်ထိ လူ့အသက်အန္တရာယ်နဲ့ ရင်းပြီးတော့ အချက်အလက်ရပိုင်ခွင့်တွေကို လူထုက ဆုံးရှုံးပြီးသား ဖြစ်တယ်။ ရွေးကောက်ပွဲပြီးရင်တော့ အင်တာနက်လိုင်းတွေ ပြန်ကောင်းလာနိုင်မယ်ဆိုတဲ့ သတင်းတွေ နားစွန်နားဖျား ကြားရတာ သိရတာမျိုး ရှိတယ်။ ဒါကတော့ ဝါဒဖြန့်ချိတယ်လို့ပဲ ကျမအနေနဲ့ ယူဆပါတယ်။ အင်တာနက်တွေ ပြန်ကောင်းလာမယ်၊ ပြန်ဖွင့်ပေးသည့်တိုင်အောင် သူတို့ကို ဆန့်ကျင်တဲ့သူမှန်သမျှ သူတို့ကို ဝေဖန်တဲ့ သူမှန်သမျှကိုတော့ ဖမ်းဆီး ထောင်ချတာ၊ အတင်းအဓမ္မ လိုက်လံရှာဖွေတာတွေကတော့ လုပ်နေဦးမှာပါပဲ။ ဒါကတော့ ကျမ ကျိန်းသေ ပြောရဲပါတယ်။”

ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံရမှုကြောင့် ပြည်သူတွေရဲ့ သတင်းရပိုင်ခွင့်က ၇၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းထိ ဆုံးရှုံးနေရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်တဲ့အဖွဲ့တွေရဲ့ သုံးသပ်ပြောဆိုချက်တွေအရ သိရပါတယ်။

အင်တာနက် ဖြတ်တောက်ခံရမှုကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေ ဆုံးရှုံးရသလို ပညာရေးနဲ့ ကျန်းမာရေး အခြေအနေ သိရှိပိုင်ခွင့်တွေနဲ့ တခြားသော လူ့အခွင့်အရေးတွေလည်း ဆုံးရှုံးရတယ်လို့ အသံအဖွဲ့က ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက မြို့နယ် ၁၃၁ မြို့နယ်အထိ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခံခဲ့ရပြီး လက်ရှိအချိန်ထိ ၄ နှစ်ကျော် ၅ နှစ်နီးပါးကြာတဲ့အထိ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံရတာ ၂၂ မြို့နယ် ရှိနေဆဲဖြစ်တယ်လို့ အသံအဖွဲ့ရဲ့ စစ်တမ်းတွေအရ သိရပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013