DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် အင်တာနက်အခက်ခဲကြောင့် အရေးပေါ်အကူအညီများ နှောင့်နှေးနေ
DVB
·
April 3, 2026
အင်တာနက်ရသည့်နေရာ၌ စုပြုံသုံးစွဲနေရသည့် ရခိုင်ဒေသခံအချို့။ (Photo: DVB)
အင်တာနက်ရသည့်နေရာ၌ စုပြုံသုံးစွဲနေရသည့် ရခိုင်ဒေသခံအချို့။ (Photo: DVB)
Donate to DVB

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်နေတာကြောင့် အရေးပေါ် အကူအညီတွေနဲ့ လူသားချင်းစာနာထောက်ပံ့ရေး လုပ်ငန်းတွေကို ထိခိုက်နှောင့်နှေးနေတယ်လို့ အာရက္ခလေ့လာရေးစင်တာ (CAS) ရဲ့ မတ် ၃၀ ရက်ထုတ် “ဆက်သွယ်ရေးပြတ်တောက်မှုကြားက ရခိုင်ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ” အထူးလေ့လာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အရပ်ဘက်အဖွဲ့အစည်းတွေ အနေနဲ့လည်း အများပြည်သူသုံး အင်တာနက်စင်တာကို သွားရောက်အသုံးပြုနေကြရတာကလည်း အကူအညီရရှိမှုအပေါ် မူတည်ပြီး နစ်နာမှုတွေနဲ့ အခက်ခဲတွေပါ ကြုံနေကြရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေကို ကန့်သတ်ထားပြီး အဲဒီဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ထားမှုတွေဟာ တိုက်ပွဲကာလအတွင်း နိုင်ငံရေးထိန်းချုပ်မှု၊ လုံခြုံရေးအန္တရာယ်နဲ့ နည်းပညာဆိုင်ရာ အကန့်အသတ်တွေ စတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရကာ ပေါင်းစပ်နှောင့်ယှက်ခံရခြင်း ပုံစံတခုဖြစ်တယ်လို့ အစီရင်ခံက သုံးသပ်ထားပါတယ်။

ဒါ့အပြင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာကလည်း ဒေသတွင်း လူမှုစီးပွားနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေမှာ နှောင့်နှေးစေသလို လူငယ်တွေရဲ့ ဘဝတိုးတက်ရေးဆိုင်ရာ အခွင့်အလမ်းတွေကို ရှာဖွေခွင့်တွေမှာလည်း အကန့်အသတ်များစွာနဲ့ ကြုံတွေ့နေကြရတယ်လို့ အာရက္ခလေ့လာရေးစင်တာက သူတို့ရဲ့ တွေ့ရှိချက်တွေကို ပြောထားပါတယ်။

လက်ရှိမှာ AA ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အများသုံး အင်တာနက်စင်တာတွေ ရှိနေပေမဲ့လည်း ဝန်ဆောင်မှု အသုံးပြုဖို့ စောင့်ဆိုင်းရတာ၊ ကုန်ကျစရိတ် ကြီးမားတာနဲ့ ဝန်ဆောင်မှုအသုံးပြုချိန် ကန့်သတ်ထားတာတွေ ရှိနေပြီး သဘာဝဘေးနဲ့ လေကြောင်းအန္တရာယ်တွေလည်း ရှိနေကြတယ်လို့ အစီရင်ခံစာက ပြောထားပါတယ်။

အဲဒီအခက်ခဲတွေကို ဖြေရှင်းနိုင်ဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ နည်းပညာဌာနက စတားလင့် အင်တာနက် ငှားရမ်းသုံးစွဲခွင့် ပြဋ္ဌာန်းထားပေမဲ့လည်း စက်ပစ္စည်းတန်ဖိုးနဲ့ လစဉ်ကြေးတွေဟာ သာမန်ပြည်သူတွေအတွက် လက်လှမ်းမမီနိုင်အောင် မြင့်မားမှုတွေလည်း ရှိနေတယ်လို့ အာရက္ခလေ့လာရေးစင်တာက သူတို့ရဲ့ တွေ့ရှိချက်ကို ဖော်ပြထားပါတယ်။

အဲဒီလို ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ကန့်သတ်ခံထားရတာကနေ ပြန်လည်သုံးစွဲခွင့် ရရှိနိုင်ရေးဟာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ကြား စစ်ရေးအရ အပစ်ခတ်ရပ်စဲရေးနဲ့ နိုင်ငံရေး ငြိမ်းချမ်းရေးရရှိမှု အခြေအနေတွေက တိုက်ရိုက်ဆက်စပ်နေတယ်လို့ အာရက္ခလေ့လာရေးစင်တာက သုံးသပ်ထားပါတယ်။

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ် ၃ ခုမှာလည်း အင်တာနက်လိုင်းတွေကို အလုံးစုံကန့်သတ်ထားပြီး ဖုန်းလိုင်းတွေကို ရွေးကောက်ပွဲကာလမှာ နိုင်ငံရေးအရ ပြန်ဖွင့်ပေးခဲ့ပေမဲ့ လုံခြုံရေးနဲ့ ပြည်သူတွေကို ထိန်းချုပ်ရေးဆိုင်ရာ အကြောင်းပြချက်တွေနဲ့ ဖုန်းနဲ့ အင်တာနက် ဆက်သွယ်ရေးတွေကို ဆက်လက်ပိတ်ထားနိုင်တယ်လို့လည်း အစီရင်ခံစာက သုံးသပ်ထားပါတယ်။

ရခိုင်ပြည်နယ်ဟာ ၂၀၂၃ ခုနှစ်ကတည်းက စစ်ရေးပဋိပက္ခတွေကြောင့် စစ်ကောင်စီက ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေကို ကန့်သတ်ပိတ်ပင်ထားခဲ့တာဖြစ်ပြီး အာရက္ခတပ်တော်က မြို့တွေကို သိမ်းပိုက် ထိန်းချုပ်ထားပြီးနောက်မှာလည်း အင်တာနက်သုံးစွဲခွင့်နဲ့ စတားလင့်စက် ဝယ်ယူပိုင်ဆိုင်ခွင့်တွေကို ကန့်သတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013