DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ တပ်စခန်း ၄ ခုကို အေအေသိမ်းပိုက်၊ ပေါက်တောမြို့ကို ရေကြောင်း လေကြောင်းမှ တိုက်ခိုက် 
DVB
·
November 22, 2023
စစ်ကောင်စီ တပ်စခန်း ၄ ခုကို အေအေသိမ်းပိုက်၊ ပေါက်တောမြို့ကို ရေကြောင်း လေကြောင်းမှ တိုက်ခိုက် 
1 / 3
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တော၊ ဘူးသီးတောင်နဲ့  ရသေ့တောင်မြို့နယ်တွေမှာရှိတဲ့  စစ်ကောင်စီ တပ်စခန်း ၄ ခုကို ရက္ခိုင့်တပ်တော် (အေအေက)က သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်တွေ စွန့်ခွာသွားတဲ့  စခန်း ၄၀ ကျော်ကိုလည်း ထိန်းချုပ်ထားပြီလို့ ထုတ်ပြန်ကြေညာပါတယ်။

မောင်တောဘက်က ဒုံးညိုစခန်း၊ ရသေ့တောင်မှာ ဒုံးပိုင်နဲ့ ချိန်ခါလီစခန်းနဲ့ ဘူးသီးတောင်က ခထီလှစခန်းတွေကို အေအေက လုံးဝသိမ်းပိုင်ထားလိုက်တာလို့ ဆိုပါတယ်။

နိုဝင်ဘာ ၁၃ ရက်မှာ ဒုံးပိုက်နယ်ခြားစောင့်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ဆင်ရေး ဒုတိယနေ့ ဖြစ်တဲ့ နိုဝင်ဘာလ ၁၄ ရက် မနက် ၇ နာရီခွဲလောက်မှာ "ချိန်ခါလီ"နယ်ခြားစောင့် တပ်စခန်းကို သိမ်းယူခဲ့ပါတယ်။

ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီတပ် အခိုင်အမာအထိုင်ချ နေရာယူထားတဲ့ တရွန်အိုင်ဗျူဟာနဲ့ နှုံးဘူးဗျူဟာ နှစ်ခုကိုတော့ နိုဝင်ဘာ ၁၄  ရက်ကနေ  နိုဝင်ဘာ ၂၂ ရက် အထိ အေအေက ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်ပါတယ်။

အဆိုပါဗျူဟာနှစ်ခုအတွက် ရန်သူမှာ လက်နက် ခဲယမ်းရိက္ခာတွေ လေကြောင်းက ချပေးနေရပြီး ရန်သူ့ လေကြောင်း ထောက်ပို့ ပစ္စည်းတချို့ကို အေအေတပ်တွေက ရရှိခဲ့ပါတယ်။

မောင်တောတောအခြေစိုက် "ဒုံးညို" နယ်ခြားစောင့်တပ်စခန်းကို  နိုဝင်ဘာ ၁၇  ရက်မှာ သိမ်းပိုက်ခဲ့ပြီး နိုဝင်ဘာ ၂၁  ရက်မနက်မှာ ဘူးသီးတောင်အခြေစိုက် ခထီးလှ တပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ပေါက်တောမြို့မှာတော့ နိုဝင်ဘာ ၂၂ ရက် ဒီမနက်ပိုင်းကနေ ညနေပိုင်းအထိ စစ်ကောင်စီဘက်က ရေကြောင်း၊ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပေါက်တောမြို့ကို မနေ့ကတည်းက စစ်တွေ ရဲတပ်ရင်း ၁၂ ကနေ တိုက်ပွဲရှိတဲ့ နေရာရော၊ မရှိတဲ့ နေရာတွေပါ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေပြီး ပေါက်တောမြစ်ထဲက ရေတပ်ကလည်း မြို့ဘက်ကို လှည့်ပြီးပစ်ခတ်နေတယ်လို့ ပေါက်တောမြို့ ဒေသခံတယောက်က ပြောပါတယ်။

စစ်တွေမြို့ဘက်ကနေ ဒီမနက် ၁၀ နာရီခွဲလောက်မှာ စစ်ကောင်စီရဲ့  ရေယာဉ် တစီး တက်လာပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မနက် ၁၁ နာရီကျော်လောက်မှာ ဂျက်ဖိုက်တာတစီး တက်လာပြီး ပေါက်တောမြို့ လောကထိပ်ပန်ဘုရားကုန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ကာ နာရီဝက်လောက်အကြာမှာ ဂျက်တိုက်လေယာဥ် နောက်တစီးရောက်လာပြီး မြို့ထဲကို အကုန်လုံးပတ်ပြီး ဗုံးကြဲသွားတယ်လို့ မြို့ခံက ပြောပါတယ်။

ပေါက်တောမြို့မှာ နိုဝင်ဘာ ၂၁ ရက်နေ့လယ်က မြို့ပေါ်နေရာတချို့နဲ့ လောကထိပ်ပန်ဘုရားကုန်းတို့မှာ အေအေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီဘက်က ရဟန်းသံဃာတွေ အပါအဝင် ဒေသခံပြည်သူ ၁၀၀ လောက်ကို လူသားဒိုင်းကာ အသုံးပြုဖို့ နိုဝင်ဘာ ၁၆ ရက်မှာ ပြန်ပေးဆွဲထားတာကြောင့် အေအေအနေနဲ့ စစ်ကောင်စီတပ်သားတွေ ရှိတဲ့နေရာတွေကို ဝင်ရောက် တိုက်ခိုက်ပြီး ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပေါက်တောမြို့အတွင်းမှာ ကျန်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဆက်လက် ချေမှုန်းနေပြီး ကျန်ရှိနေတဲ့ ဓားစာခံတွေ ပြန်လည်လွတ်မြောက်နိုင်ရေး ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013