
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီအထိုင် တပ်စွဲထားတဲ့ နေရာတချို့ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက နိုဝင်ဘာ ၂၂ ရက် မနက်ခင်း ၁၂ နာရီကျော်အချိန်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက “ကျနော်တို့ တန့်ဆည်မြို့ပေါ်ကို စခန်းသိမ်းဖို့ ညက ဝင်ရောက်ပစ်ခတ်တာတွေ ရှိတယ်ဗျ။ ကျနော်တို့ ဝင်ပစ်ခဲ့တာက ထွေအုပ်ရုံးရယ်၊ ဝန်ထမ်းအိမ်ရာ၊ ဆေးရုံရယ်၊ စာသင်ကျောင်းရယ် အရင်စဝင်တယ်ပေါ့။ ကျနော်တို့ ဝင်ပစ်တော့ စစ်သားတွေက ရဲစခန်းနဲ့ ဘောလုံးကွင်းနဲ့ ပေါင်းသွားတယ်။ လက်နက်တွေ ဘာတွေတော့ မရဘူး။ ဆေးရုံက ဆေးဝါးတချို့နဲ့ ရုံးသုံးပစ္စည်း တချို့လည်း ရခဲ့တယ်။ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ပြည်သူ့ဆေးရုံကြီး၊ ဝန်ထမ်းအိမ်ရာနဲ့ အ.ထ.က (၁) အဲဒီနေရာတွေကိုတော့ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်နိုင်လိုက်တယ်ဗျ”လို့ ပြောပါတယ်။
အခုတိုက်ခိုက်မှုကို အမှတ် (၁) စစ်ဒေသ၊ ရွှေဘိုခရိုင်ကွပ်ကဲရေးက ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် ရွှေဘိုခရိုင် တပ်ရင်း (၆)၊ တပ်ရင်း (၇)၊ တပ်ရင်း (၈)၊ တပ်ရင်း (၉)၊ တပ်ရင်း (၁၀)၊ တပ်ရင်း (၁၆)၊ တပ်ရင်း (၂၅)၊ တန့်ဆည်မြို့နယ် ပကဖနဲ့ ဒေသ ကာကွယ်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံး မသိရပေမဲ့ ရွှေဘိုခရိုင် တပ်ရင်း ၉ က PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာလည်း နိုဝင်ဘာ ၂၂ ရက် ဒီမနက်ပိုင်းက စစ်ကောင်စီ တပ်စွဲနေထိုင်တဲ့ ဘုန်းကြီးကျောင်းကို ကျောင်းသားတပ်မတော် ABSDF နဲ့ တော်လှန်ရေးအဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။
တပ်မ (၇၇ )စစ်ကောင်စီတပ် အင်အား ၃၀ ကျော်က နန့်သာကျေးရွာမှာ ရှိတဲ့ ဘုန်းကြီးကျောင်းမှာ တပ်စွဲနေထိုင်တာကို ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသား တစ်ဦးက “စစ်တပ်က နန့်သာကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲနေထိုင်တာကြာပြီ။ ဒီမနက် ၁ နာရီလောက်က ကျောင်းသားတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ပစ်တယ်။ နှစ်ဖက် ပစ်ခတ်မှုကတော့ နာရီဝက်လောက်ပဲ ကြာတယ်။ တော်လှန်ရေးအဖွဲ့တွေက ပစ်ပြီး ပြန်ထွက်သွားတယ်။ နှစ်ဖက် ထိခိုက်သေဆုံးမှုတော့ တိတိကျကျ မသိဘူး” လို့ ပြောပါတယ်။
တပ်မ ၇၇ စစ်ကောင်စီတပ် အင်အား ၃၀ ကျော်ခန့်ဟာ ပြီးခဲ့တဲ့မတ်လပိုင်းကတည်းက နန့်သာကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲ နေထိုင်တဲ့အတွက် ကျေးရွာဒေသခံ ပြည်သူအများစုဟာ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြတာပါ။
အင်းတော်မြို့နယ်ကို စစ်ကောင်စီတပ်က စစ်အုပ်ချုပ်ရေးဥပဒေ ပြဋ္ဌာန်းထားတာဖြစ်ပြီး တိုက်ပွဲဖြစ်စဉ်မှာ နှစ်ဖက် ထိခိုက်သေဆုံးမှုတွေကိုတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာတော့ နိုဝင်ဘာ ၂၀ ရက် နေ့လယ်က စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တခု ဗုံးကြဲတိုက်ခိုက်ခံရပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ (YSO) ကနေ သိရပါတယ်။
ရေစကြိုမြို့နယ် ပြည်သူတွေဆီက အတင်းအဓမ္မဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီရဲ့ တောင်အိုစစ်ဆေးရေးဂိတ်ကို နိုဝင်ဘာ ၂၀ ရက် နေ့လယ်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မောင်းသူမဲ့ လေယာဥ်ငယ်နဲ့ ဗုံးသီး ၄ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းသွေးနီ ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်မိုးတိမ်က ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၄ ယောက် အပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိတဲ့သူတွေအား ကားနဲ့ ရေစကြိုပြည်သူ့ဆေးရုံကို ခေါ်သွားကာ အရေးပေါ်ဆေးဝါးကုသပေးနေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်ကနေ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း ၁၊ Urban Underground တောင်လှန်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
နိုဝင်ဘာ ၂၀ ရက်ည ၈ နာရီလောက်ကလည်း ရေစကြိူမြို့နယ် ကံသစ်ကျေးရွာနားမှာ ပခုက္ကူတပ်မ ၁၀၁ က ထွက်လာတဲ့ စစ်ကောင်စီကား ၅ စီးကို ပဒေသာမိုင်း ၆ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူရှိနိုင်ပြီး ဘေးပတ်ဝန်းကျင်တွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကာ ခလရ ၂၅၈ တပ်ရင်းထဲကို ဝင်သွားတယ်လို့ ဆိုပါတယ်။
ရေစကြိုမြို့မှာ နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ နေရာ ၃ ခု တပြိုင်နက်တည်းတိုက်ခိုက်ခဲ့တာကြောင့် အများအပြား သေဆုံးဒဏ်ရာရခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပြည်သူ တယောက်သေဆုံးကာ ၂ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြို မြို့နယ် ပကဖကနေ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။










