DVB Logo
Home
မြန်မာသတင်း
ရွှေဘိုမြို့က အထည်ဆိုင်တဆိုင် ဓားပြတိုက်ခံရ
DVB
·
May 5, 2026
Photo : DVB
Photo : DVB
Donate to DVB

စစ်ကိုင်းတိုင်း ရွှေဘိုမြို့၊ အမှတ် (၇) ချီပါစုရပ်ကွက်မှာရှိတဲ့ အထည်ဆိုင်တဆိုင်ကို မေ ၃ ရက်မှာ အမည်မသိ လက်နက်ကိုင် အမျိုးသား ၂ ယောက်က ဝင်ရောက် ဓားပြတိုက်သွားခဲ့တယ်လို့ မြို့ခံတွေ က ပြောပါတယ်။ 

မေ ၃  ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်လောက်က ချီပါစုရပ်ကွက်က အောင်ပန်းသီ ဘော်ဒါဆောင်မြောက်ဘက်မှာရှိတဲ့ အဲဒီအထည်ဆိုင်ကို သေနတ်အတို တလက်စီ ကိုင်ဆောင်ထား တဲ့ ဆိုင်ကယ် တစီးနဲ့ အမျိုးသား ၂ ယောက် ရောက်လာခဲ့ပြီး ဆိုင်ရှင်ကို သေနတ်နဲ့ချိန်ကာ ငွေထည့် တဲ့ အံဆွဲထဲက ငွေသား ကျပ် ၁၂ သိန်းကျော်နဲ့ အိုင်ဖုန်း (iPhone) တလုံးကို ယူဆောင် သွားခဲ့တယ်လို့ ဓားပြတိုက်ခံရတဲ့ ဆိုင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ 

ဒါ့အပြင် ဆိုင်ရှေ့မှာ ရပ်ထားတဲ့ ၁၂၅ (125) အမျိုးအစား ဆိုင်ကယ်တစီးကိုပါ လုယူသွားခဲ့တယ်လို့ ဆိုပါတယ်။ 

လုံခြုံရေးအရ ရွှေဘိုမြို့မြို့အဝင်အထွက် ဂိတ်တွေမှာ စစ်တပ်က ဂိတ်နှစ်ဂိတ်ချပြီး တင်းတင်း ကျပ်ကျပ် စစ်ဆေးနေသလို၊ မြို့အနောက်ဘက် အဝင်ပေါက်ကို ပိတ်ထားတာလည်း တလ ကျော်ပြီ လို့ သိရပါတယ်။ ဒါ့အပြင် ညမထွက်ရအမိန့် (Martial Law) ထုတ်ပြန်ထားပြီး နေ့ရောညပါ ကင်းလှည့်နေတဲ့ကြားက အခုလို ဓားပြတိုက်ခံရတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မြို့ခံတယောက်က “မြို့အနောက်ပေါက်လည်း ပိတ်ထားတယ်၊ တောင်ပေါက်မှာလည်း ဂိတ်နှစ်ဂိတ် ချပြီး စစ်ဆေးမှုတွေ တင်းကျပ်နေတယ်။ မြို့ထဲမှာလည်း ပတ်ကင်းတွေက အချိန်ပြည့် လှည့်နေတာပါ။ ဒီကြားထဲကမှ အခုလို ဓားပြတိုက်ခံရတယ်ဆိုတော့ စဉ်းစားစရာဖြစ်နေတယ်” လို့ ပြောပါတယ်။

ရွှေဘိုမြို့တွင်းမှာ လုံခြုံရေးတွေ တင်းကျပ်ထားပေမဲ့ တန်ဖိုးကြီး ဆိုင်ကယ်တွေ၊ ဖုန်းတွေနဲ့ တခြား ပစ္စည်းတွေ နေ့စဉ်နဲ့အမျှ လုယက် ခိုးယူခံနေရနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013