
စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ ဇူလိုင် ၁ ရက်က စတင်ပြီး ဓားပြမှု၊ လုယက်မှုနဲ့ နေအိမ် ဖောက်ထွင်း ခိုးယူမှုတွေ နေ့ရောညပါ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၁ ရက်နေ့ တရက်တည်းမှာတင် အမှတ် (၅) ဆင်ရုံရပ်ကွက်က ရွှေဆိုင်တဆိုင်အပါအဝင် ဓားပြတိုက်မှု ၄ မှု ဖြစ်ပွားခဲ့ပြီး အဲဒီနောက်ပိုင်းမှာလည်း စပါးပွဲစားတယောက်နဲ့ ဈေးသည် တယောက် ဓားပြတိုက်ခံရတာတွေ၊ လုယက်ခိုးယူခံရတာတွေ ဆက်တိုက် ဖြစ်ပေါ်နေတာပါ။
ဇူလိုင် ၇ ရက် မနက် ၅ နာရီကလည်း ရွှေဘိုမြို့နယ် ထူးကြီးရွာထိပ် သန်းတောကျေးရွာ လမ်းခွဲမှာ ဆိုင်ကယ်နဲ့ ဈေးလှည့်ရောင်းတဲ့ အမျိုးသမီးတယောက် ဓားပြတိုက်ခံခဲ့ရကာ အဆိုပါ အမျိုးသမီး ဟာ လက်မောင်းကို ဓားနဲ့မွှန်းပြီး အလုခံရတာဖြစ်ပြီး ဖုန်းနဲ့ ငွေတွေ ပါသွားခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
အဲဒီနေ့ တနေ့တည်းမှာပဲ အောင်ချမ်းသာရွာနဲ့ ချီပါရွာကြား မူးဘောင်လမ်းမှာ စပါးပွဲစားတယောက် ဓားပြတိုက်ခံခဲ့ရပြီး ငွေကြေးတွေ ပါသွားခဲ့ပေမဲ့ လူကိုတော့ ထိခိုက်မှုမရှိခဲ့ပေမဲ့ ကျူးလွန်သူတွေကို ဖမ်းဆီးရမိတာ မရှိသေးပါဘူး။
ဒါ့အပြင် ဇူလိုင် ၆ ရက် မနက်ပိုင်းကလည်း ရွှေဘိုမြို့ ဆေးရုံကြီးမှာ ကာကွယ်ဆေးလာထိုးတဲ့ ကလေးငယ်တယောက်ကို မိခင်ဖြစ်သူက ပွေ့ချီထားစဉ် ရွှေဆွဲကြိုး အဖြတ်ခံခဲ့ရပါတယ်။ အလားတူ ဈေးကြီးအနီးက ကားဂိတ်မှာလည်း အမျိုးသမီးတယောက်ရဲ့ ပိုက်ဆံအိတ် အလုခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်း ရွှေဘိုမြို့က အမှတ် (၁) ဘူတာရပ်ကွက်၊ ဝန်တော်အိမ်ရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်နဲ့ ရန်ကြီးအောင် ကွက်သစ်ရပ်ကွက်တွေမှာ ညပိုင်း ဆိုင်ကယ်ခိုးမှုနဲ့ နေအိမ်ဖောက်ထွင်းမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။
ဘူတာရပ်ကွက်မှာဆိုရင် ညဘက် ကင်းလှည့်တဲ့ ကားယောင်ဆောင်ပြီး အုပ်စုဖွဲ့ လာရောက် ခိုးယူခဲ့တာကြောင့် ညတွင်းချင်း ဆိုင်ကယ် ၁၀ စီးကျော် ပါသွားခဲ့ပြီး အိမ်တအိမ်တည်းကနေ ဆိုင်ကယ် ၄ စီး အခိုးခံခဲ့ရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
မြို့ပေါ်ရော နယ်မှာပါ ပြစ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပေမဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဘက်က ထိန်းချုပ်နိုင်မှု မရှိသေးတဲ့အပေါ် ဒေသခံတွေက ဝေဖန်နေကြပါတယ်။
လက်ရှိ ရွှေဘိုမြို့မှာ လျှပ်စစ်မီး ပြတ်တောက်နေတာ ရက် ၂၀ လောက် ရှိနေပြီဖြစ်ပြီး မီးပြတ်တောက်မှုကြောင့် ရေပေးဝေရေးနဲ့ အခြားလုပ်ငန်းတွေ လည်ပတ်ဖို့ ခက်ခဲနေတဲ့အပြင် ညပိုင်းအချိန်တွေမှာ ခိုးမှု၊ လုယက်မှုတွေ ပိုမိုများပြားလာတဲ့အတွက် ပြည်သူတွေအနေနဲ့ လုံခြုံရေးအရ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။










