
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ စစ်အာဏာရှင်တပ်က ရွှေဘိုမြို့မဈေးကြီး အပါအဝင် ဈေးရဲ့ တောင်ဘက်နဲ့ မြောက်ဘက်မှာရှိတဲ့ ဈေးဆိုင်တွေထဲအထိ ဝင်ရောက်ပြီး ဈေးဝယ်နေတဲ့ လူငယ်တွေနဲ့ အလုပ်သမားတွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့အတွက် ဈေးရောင်းအား ကျဆင်းလာပြီး အရောင်းဝန်ထမ်းနဲ့ ကုန်တင်ကုန်ချ အလုပ်သမား ရှားပါးတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဈေးသည်တွေနဲ့ မြို့ခံတွေက ပြောပါတယ်။
လက်ရှိမှာ စစ်တပ်က ရွှေဘိုမြို့တွင်းက ဈေးဆိုင်၊ တွင်ခုံ၊ ဝပ်ရှော့နဲ့ ပွဲရုံတွေအထိ ဝင်ရောက် ဖမ်းဆီးတာတွေ ရှိနေတဲ့အပြင် စစ်တပ်လှည့်ကင်းနဲ့ ယာဉ်ထိန်းရဲတွေကလည်း နေရာအနှံ့မှာ စစ်ဆေးနေကာ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီတဲ့သူတွေကို ငွေကျပ် ၅၀,၀၀၀ ကနေ ၅၀,၀၀၀ အထိ နေ့ချင်းပြီး တောင်းခံနေပြီး ငွေမပေးနိုင်သူတွေကိုတော့ လေ့ကျင့်ရေးတပ်ဆီ ပို့ဆောင်နေတယ်လို့ ဆိုပါတယ်။
အရင်က ဈေးထဲအထိ ဝင်မဖမ်းပေမဲ့ အခုလထဲမှာ ဈေးထဲအထိ ဝင်ဖမ်းတာ ၃ ခါရှိသွားပြီး အခုက အမြန်ဝယ်၊ အမြန်ရောင်း စနစ်နဲ့ လုပ်နေရကာ ကုန်ကားတွေ မရောက်ခင်ကတည်းက ဖုန်းဆက်ပြီး ပစ္စည်းစာရင်း ပေးထားရတယ်လို့ ဈေးသည်တယောက်က ပြောပါတယ်။
လက်ရှိမှာလည်း ဈေးဝယ်လာသူ မရှိသလောက်ဖြစ်နေတော့ ကုန်ကားတွေကိုပဲ အားကိုးနေရပြီး ပေါ်တာဆွဲတာတွေ များနေလို့ ဈေးထဲမှာ အရောင်းဝန်ထမ်းအပြင် တွန်းလှည်းတွန်းမဲ့ အမျိုးသား အလုပ်သမားတောင် မရှိတော့တာကြောင့် ရောင်းအား သိသိသာသာ ကျသွားတယ်လို့ ဆိုပါတယ်။
ဇူလိုင် ၃ ရက်ကနေ ၂၁ ရက်အထိ စစ်တပ်လှည့်ကင်းတွေက ဈေးကြီးအတွင်းမှ လူငယ် ၆ ယောက်၊ ဈေးတောင်ဘက် ဈေးဆိုင်တွေက ၁၂ ယောက်၊ နန်းတော်အနောက်ဘက် ဆန်ဆိုင်နားမှာ ၄ ယောက်၊ ဈေးမြောက်ဘက်ကနေ ၃ ယောက် ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒါ့အပြင် လမ်းနဲ့ နေရာအနှံ့ကနေ သွားလာလုပ်ကိုင်နေကြတဲ့ လူငယ်နဲ့ လူလတ်ပိုင်းအရွယ် အမျိုးသား စုစုပေါင်း ၅၀ ထက်မနည်း ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်ကလည်း “မြို့ထဲမှာ သွားလာရတာ စိုးရိမ်စိတ်နဲ့ သွားနေရတယ်။ ပတ်ကင်းနဲ့တွေ့ရင် အသက်ကြီးငယ်မရွေး ပေါ်တာဆွဲခံရနိုင်တယ်။ ပေါ်တာဆွဲမခံရရင်တောင် ငွေညှစ်ခံရတယ်။ အပြစ်တခု တွေ့ရင် ၅ သောင်းကနေ ၅ သိန်းအထိ တောင်းတယ်။ ညနေအထိမှ ငွေမပေးနိုင်ရင် တပ်ထဲ ပို့ခံရတယ်။ တဖက်မှာလည်း ခိုးဆိုးလုယက်မှုတွေက နေ့တိုင်း ဖြစ်နေပေမဲ့ စစ်တပ်က အရေးယူပေးတာမျိုး မရှိဘူး။ စစ်တပ်ကိုလည်း ကြောက်ရ၊ သူခိုးဓားပြကိုလည်း ကြောက်ရနဲ့ နေထိုင်သွားလာရတာ လုံခြုံမှုမရှိဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း ရွှေဘိုမြို့ နေရာအနှံ့ကနေ လူငယ် ၇၀ ထက်မနည်းကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး တယောက်ကို ငွေကျပ် သိန်း ၅၀ ကနေ သိန်း ၁၂၀ အထိ တောင်းခံကာ ငွေမပေးနိုင်သူတွေကိုတော့ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ပို့ဆောင်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေကတဆင့် သိရပါတယ်။











