
ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ ကျိန်းဆဲန်မြို့နယ်ရှိ မဲခေါင်မြစ်ကမ်းမှာ စိတ်ကြွဆေး ၃ သန်း ဖမ်းဆီးရမိတယ်လို့ ထိုင်းတပ်မတော် ဖာမိုင်းစစ်ကြောင်းတပ်ရင်းမှူးက နိုဝင်ဘာ ၂၂ ရက် မနက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
နယ်မြေထဲမှာ မူးယစ်ဆေးဝါးအချီကြီး သယ်ဆောင်လာဖို့ရှိကြောင်း ကြိုတင်ထောက်လှမ်း သိရှိရတဲ့အတွက် ထိုင်းရေတပ်နဲ့ ကြည်းတပ် တပ်ဖွဲ့ဝင်တွေဟာ နယ်စပ်တလျှောက်မှာ လုံခြုံ ရေးစောင့်ကြပ်စစ်ဆေးခဲ့ကြောင်း၊ နိုဝင်ဘာ ၂၁ ရက် ည ၈ နာရီခွဲလောက်မှာတော့ ကျိန်းဆဲန်မြို့နယ် ဘန့်ရှောဝ်းအုပ်စု ဘန့်ဆွန်ဒေါက်ကျေးရွာရှိ ထာ့ခန်ထောင်းဆိပ်ကမ်းကို စက်လှေတစ်စီးဆိုက်ကပ်လာလို့ စစ်ဆေးဖို့ သွားရောက်ရာမှာ လှေပေါ်ကလူတွေ ရေထဲခုန်ချပြီးမှောင်ရိပ်ခိုကာထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဖာမိုင်းစစ်ကြောင်း တပ်ရင်းမှူး ဗိုလ်မှူးကြီး ပရဖတ် ဖုပ်ဆုဝမ်က ပြောပါတယ်။
လှေပေါ်မှာ ကျောပိုးအိတ်အသွင်ပြောင်းထားတဲ့ မြွေရေခွံအိတ် ၁၅ လုံးကိုတွေ့ရှိပြီး အိတ် ၁ လုံးစီမှာ စိတ်ကြွဆေးပြား ၂ သိန်းစီထည့်ထားတာကြောင့် စုစုပေါင်း စိတ်ကြွဆေး ၃ သန်းကို ဖမ်းမိခဲ့ပါတယ်။
အဆိုပါစိတ်ကြွဆေးပြားမှာ AAA အမှတ်တံဆိပ်ပါရှိပြီး ရှမ်းပြည်အရှေ့ပိုင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့နယ်မြေထဲကလာတာလို့ ယူဆရကြောင်း၊ မြွေရေခွံအိတ်ကို ကျောပိုးအိတ် အသွင်ပြောင်းထားတာကြောင့် အထမ်းသမားတွေနဲ့ ကုန်းလမ်းကကော၊ ရေလမ်းကနေပါ သယ်ဆောင်လာတာလို့ ဆိုပါတယ်။
အဆိုပါ စက်လှေကိုလည်း ထိုင်းရေတပ်က ထိန်းသိမ်းထားပြီး လှေပေါ်က လက်ဗွေရာတွေနဲ့ တရားခံကို ဖမ်းဆီးရမိဖို့ ဆက်လက်စုံစမ်းသွားမယ်လို့ တပ်ရင်းမှူးက ပြောပါတယ်။
ထိုင်း၊ မြန်မာ၊ လာအို သုံးနိုင်ငံနယ်စပ် ရွှေတြိဂံဒေသမှာ ၃ လအတွင်း မူးယစ်ဂိုဏ်းတွေနဲ့ ပစ်ခတ်မှု ၅ ကြိမ်ရှိခဲ့ပြီး စိတ်ကြွဆေးပြား စုစုပေါင်း ၁၅ သန်း ဖမ်းဆီးရမိတယ်လို့ ဖာမိုင်းစစ်ကြောင်း တပ်ရင်းမှူးက ပြောသွားပါတယ်။
Source: Chiangmai News











