DVB Logo
Home
မြန်မာသတင်း
ဗန်းမော်တွင် စစ်ကောင်စီဗိုလ်ကြီးလင်မယား စုငွေ ကျပ်သိန်း ၅၀၀၀ ကျော် လိမ်ယူ ထွက်ပြေး
DVB
·
November 22, 2023
ဗန်းမော်တွင် စစ်ကောင်စီဗိုလ်ကြီးလင်မယား စုငွေ ကျပ်သိန်း ၅၀၀၀ ကျော် လိမ်ယူ ထွက်ပြေး
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ နောင်ခိုရပ်ကွက်မှာ နေထိုင်တဲ့ စစ်ကောင်စီတပ်က ဗိုလ်ကြီးသန့်ဇင်ဟိန်းနဲ့ ဇနီးဖြစ်သူ မအိအိခိုင်တို့ဟာ အများပြည်သူ စုဆောင်းထားတဲ့ စုမဲတွေကို မထုတ်ပေးဘဲ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၆ ရက်မှာ မြို့ခံ ၁၀၀ ကျော်ရဲ့ စုငွေတွေကို ထုတ်မပေးဘဲ တောင်ငူမြို့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)တပ်မှာ  ပုန်းအောင်းနေတယ်လို့  ဆိုပါတယ်။ 

ငွေကြေးလိမ်လည်ခံရသူတဦးက “၁၀ လပိုင်းလောက်ကတည်းက စုမဲပေါက်တဲ့သူ အလှည့်ရောက်တာကို ထုတ်မပေးဘူး။ သူ့ယောက်ျား ဗိုလ်ကြီးလည်း ရှိတယ်။ ငွေစုထားတဲ့သူ အားလုံးက တိုင်မယ်ပြောတော့ ဗိုလ်မှူး ခေါ်ရှင်းပေးမယ်လို့ ပြောတာ။ အခုလ အစမှာ ဗိုလ်ကြီးက ပြန်သွားပြီး ၆ ရက်နေ့ကျ သူ့မိန်းမပါ ရှောင်သွားတယ်။ ဘယ်မှ တိုင်မရဘူး”လို့ ပြောပါတယ်။

ဗိုလ်ကြီးရဲ့ ဇနီးဖြစ်သူဟာ စုမဲများစွာကို ဦးဆောင်ကိုင်သူဖြစ်ပြီး ဒိုင်ကြေးအနေနဲ့  ကျပ် ၈၀၀၀ ရယူကာ တစ်နေ့ကို ကျပ် ၅၀၀၀ ကျပ်နဲ့ လူတွေကို ငွေစုစေပြီး  တစ်လ တစ်ကြိမ် မဲပေါက်သူကို ထုတ်ပေးတဲ့စနစ်နဲ့  ငွေစုတာ ဖြစ်ပါတယ်။

နိုဝင်ဘာ  ၂ ရက်မှာတော့ စုငွေများစွာကို ရယူပြီး ထုတ်ပေးခြင်းမရှိဘဲ ဗိုလ်ကြီး သန့်ဇင်ဟိန်း(ခ)သီဟဟာ ‌‌ငွေကြေးအရှုပ်အရှင်းတွေ ရှင်းပေးမယ်၊ ဗိုလ်မှူး သွားခေါ်မယ်လို့ဆိုကာ  တောင်ငူတပ်ကို ပြန်သွားပြီး ပြန်မလာတော့သလို နောက် ၄ ရက်အကြာမှာ ဇနီးဖြစ်သူ မအိအိခိုင်လည်း အဲဒီတပ်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။

အရပ်သားပြည်သူ အယောက် ၁၀၀ လောက်ထံက စုကြေးငွေ ကျပ် သိန်း ၅၀၀၀ ကျော်ကိုရယူပြီး ပြန်လည်ထုတ်ပေးခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက် လက်ခံထားတဲ့ တောင်ငူမြို့(စရဖ)တပ်က ဗိုလ်မှူးထံသို့ သွားရောက်တိုင်ကြားခဲ့ပေမဲ့ ဖြေရှင်းပေးခြင်းမရှိလို့ စုငွေ စုထားသူတွေ နစ်နာမှု ရှိနေပါတယ်။

နောင်ခိုရပ်ကွက်နေသူတဦးက "သူက အဲဒီအလုပ်ကို လုပ်တာကြာပြီ ဆိုတော့လည်း ငွေစုကြတဲ့သူ များတယ်။ စုတဲ့သူတွေက အကြောင်းအမျိုးမျိုးနဲ့ စုကျတာ။ မွေးဖွားစရိတ်အတွက် စုထားကြတဲ့သူတွေလည်း ပါတာပေါ့။ ရပ်ကွက်လူကြီးလည်း သိတယ်။ တပ်ထဲကလူဆိုတော့ သူတို့ ဖြေရှင်းမပေးရဲဘူး။ အခုက ဘယ်သူကိုမှ ငွေပြန်မပေးဘဲ ထွက်ပြေးသွားတာ” လို့ ပြောပါတယ်။

ငွေလိမ် ထွက်ပြေးသွားတယ်ဆိုတဲ့ ဗိုလ်ကြီးသန့်ဇင်ဟိန်းနဲ့ ဇနီးဖြစ်သူတို့ကိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါဘူး။

Photo - Cj

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013