DVB Logo
Home
မြန်မာသတင်း
ပခုက္ကူနှင့် ကလေးမြို့တို့တွင် စစ်တပ် လက်နက်ကြီးကြောင့် ဒေသခံ ၃ ဦး သေဆုံး
DVB
·
November 22, 2023
ပခုက္ကူနှင့် ကလေးမြို့တို့တွင် စစ်တပ် လက်နက်ကြီးကြောင့် ဒေသခံ ၃ ဦး သေဆုံး
1 / 2
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ နိုဝင်ဘာ ၂၁ ရက်နေ့ ညနေမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းကား ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပခုက္ကူမြို့နယ် မြစ်ခြေမြို့အခြေစ်ုက် BPI ဆေးဝါးထုတ်လုပ်ရေးနဲ့ မြင်းမွေးမြူရေးတပ်ရင်းက နိုဝင်ဘာ ၂၁ ရက်နေ့ ညနေ ၄ နာရီလောက်မှာ မြစ်ခြေ၊ ကျွန်းချောင်းဒေသအတွင်းက ကျေးရွာတွေကို တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်ခဲ့ကြတယ်လို့ မြစ်ခြေမြို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။

ယာခင်းထဲမှာ မြက်ရှင်းနေတဲ့ အိုင်ကြီးကျေးရွာက အသက် ၃၈ နှစ်အရွယ် ဒေါ်ခိုင်မာချို လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး နိုဝင်ဘာ ၂၂ ရက်နေ့ မနက်မှာ သင်္ဂြိုဟ်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်ခဲ့တာကြောင့် သာသနိက အဆောက်ဦတွေနဲ့ လူနေအိမ်တွေလည်း ပျက်စီးခဲ့ကာ ရွာထဲမှာ မနေရဲကြတော့ဘူးလို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အဲဒီ BPI တပ်ရင်းကို ဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်နေလို့ သိမ်တော်၊ ညောင်နီပင်၊ ညောင်လှ၊ အိုင်ကြီး၊ ကန်ကြီးစု၊ ပေါက်တော၊ မြို့စိုး၊ ဆင်လံ၊ စံပြကျေးရွာတွေက ဒေသခံပြည်သူတွေ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပြီး ရွာထဲမှာ အစောင့်လောက်ပဲ ကျန်နေခဲ့တာလို့ ဆိုပါတယ်။

မြစ်ခြေမြို့အဝင်မှာ နိုဝင်ဘာ ၂၀ ရက်နေ့ကလည်း စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီးနောက် စစ်ကူလာတဲ့ စစ်ကောင်စီ  ပခုက္ကူတပ်မ ၁၀၁ တပ်သားတွေက လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်ခဲ့တာကြောင့် အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပခုက္ကူမြို့နယ်မှာ PDF စိုးမိုးနယ်မြေတွေ များပြားလာတာကြောင့် စစ်ကောင်စီဘက်က နယ်မြေပြန်လည်ထိန်းချုပ်နိုင်ဖို့ အသည်းအသန်ကြိုးစားလာကာ ကျေးရွာတွေကို အင်အားအလုံးရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကို မီးရှိုဖျက်ဆီးတာ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ပြည်သူတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို မတရားခိုးယူတာတွေ မကြာခဏ ပြုလုပ်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဒိုးဝိုင်းချောင်းရွာမှာ နိုဝင်ဘာ ၂၁ ရက် မနက်က စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ဒေသခံ ၂ ဦး သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒိုးဝိုင်းချောင်းလမ်းမပေါ်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဘက်က လာရောက်တိုက်ခိုက်ရာမှ စစ်ကောင်စီတပ်က မြို့တွင်းအမြောက်တပ်ကနေ လက်နက်ကြီးတွေနဲ့အချက် ၂၀ ကျော် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အသက် ၄ နှစ်အရွယ် မောင်မုန်‌ဆောမ်းဆွန်နဲ့ အသက် ၄၀ အရွယ်အမျိုးသားတို့ လက်နက်ကြီး ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကလေးမြို့ခံတဦးက “ဒိုးဝိုင်းချောင်းမှာတိုက်ပွဲဖြစ်တာ။ ကလေးတော့ ရင်ဘတ်နဲ့ ဦးခေါင်းမှာ ဒဏ်ရာရတယ်။ မေတ္တာထွဋ်ခေါင်လူမှုကူညီရေးကားနဲ့ ဆေးရုံကို ပို့တုန်း လမ်းမှာသေသွားတာ။ က‌လေးရဲ့ အ‌မေနဲ့ အမလည်း ဒဏ်ရာရလို့ ဆေးရုံတက်‌နေရတယ်။ ရွာထဲက ဦး Huam Lian Thanga လည်း လက်နက်ကြီးမှန်ပြီး သေသွားတာလို့ ကြားတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့ ညကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် လက်ပံချောင်းရွာအသက် ၃၀ အရွယ် အမျိုးသားတဦး သေဆုံးခဲ့ပါသေးတယ်။

ကလေးမြို့နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေး တပ်တွေကြား လက်ရှိ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013