DVB Logo
Home
မြန်မာသတင်း
ခထီးလှစခန်းအား အေအေ သိမ်းပိုက်၊ ဓားစာခံအဖြစ် ဖမ်းခံထားရသည့် ပေါက်တောပြည်သူ ၂၀၀ ခန့်ကို ကယ်ထုတ်
DVB
·
November 22, 2023
ခထီးလှစခန်းအား အေအေ သိမ်းပိုက်၊ ဓားစာခံအဖြစ် ဖမ်းခံထားရသည့် ပေါက်တောပြည်သူ ၂၀၀ ခန့်ကို ကယ်ထုတ်
1 / 2
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ပန်းဘဲချောင်းကျေးရွာအုပ်စု ခထီးလှကျေးရွာအအနီးရှိ ခထီးလှစခန်းအား ရက္ခိုင်တပ်တော် (အေအေ) က နိုဝင်ဘာ ၁၈ ရက် မနက်ပိုင်းကစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြရာ နိုဝင်ဘာ  ၂၁ ရက် နေ့လယ်မှာ အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့တယ်လို့ မျက်မြင်ဒေသခံတွေက အတည်ပြုပြောပါတယ်။

ခထီးလှစခန်း မကျဆုံးရအောင် စစ်ကောင်စီက တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ၊ ဘူးသီးတောင် အခြေစိုက်တပ်ရင်းတွေက လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ကူပေးခဲ့ပေမဲ့ ၃ ရက်အကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီး ရက္ခိုင်တပ်တော်က သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

“သုံးရက်လောက် ထိုးစစ်ဆင်တိုက်ခိုက်ပြီးမှ သိမ်းပိုက်နိုင်ခဲ့ကြတာဗျ။ ခထီးလှစခန်းက နယ်ခြားစောင့်တပ်ဖွဲ့တွေကတော့  ကျွန်းပေါက်စခန်းဘက်ကို ထွက်ပြေးသွားကြတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

တိုက်ပွဲစဖြစ်တဲ့နေ့ကစပြီး ခထီးလှကျေးရွာအပါအဝင် ကျွန်းပေါက်၊ တောင်ကြီးရင်း၊  ပန်းဖဲချောင်း၊ ဇီးတောင်၊ ရွာသာယာ စတဲ့ ရွာပေါင်း ၆ ရွာမှ လူပေါင်း ၁၅၀၀ ခန့် ဘေးလွတ်ရာကို ထွက်ပြေးနေခဲ့ကြရတာပါ။

ခထီးလှ နယ်ခြားစောင့်စခန်းမှာ ယခင်က ရဲ၊ စစ်တပ် နဲ့ နယ်ခြားစောင့် ပူးတွဲပြီး အင်အား ၅၀ လောက် အထိုင်ချထားတဲ့စခန်းတခုဖြစ်ပြီး အင်အား  ၁၀၀ ကျော်ရှိတဲ့ ကျွန်းပေါက်စခန်းကိုတော့ ရက္ခိုင်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်၊ ပေါက်တောမြို့မှာ  စစ်ကောင်စီက ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့ ဒေသခံပြည်သူ ၂၀၀ လောက်ကို ရက္ခိုင့်တပ်တော် (အေအေ) က နိုဝင်ဘာ ၂၁ ရက်နေ့မှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ပေါက်တောမြို့မှာ နိုဝင်ဘာ ၁၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရဟန်းသံဃာ၊ သက်ကြီးရွယ်အို၊ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင် အမျိုးသမီတွေ အပါအဝင် စုစုပေါင်း ၂၀၀ လောက် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတာလို့ AA ပြောခွင့်ရ ခိုင်သုခ က ပြောပါတယ်။

“ပေါက်တောမြို့မှာ ဒေသခံမြို့ခံတွေ ၂၀၀ လောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး လူသားဒိုင်းကာအဖြစ် ပြုလုပ်ထားတာ ကျနော်တို့ သတင်းရရှိထားတယ်။ ဒီလိုမျိုး အပြစ်မဲ့ပြည်သူတွေကို လူသားဒိုင်းကာအဖြစ် ပြုလုပ်တာကတော့ စစ်ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်ပါတယ်။ နောက်ပြီး မြန်မာစစ်တပ်က ရခိုင်ပြည်အနှံ့မှာ တိုက်ပွဲ မဖြစ်တဲ့နေရာတွေနဲ့ ဖြစ်တဲ့နေရာတွေမှာပါ ဖမ်းဆီးမှုတွေကို သူတို့ဘက်က တောက်လျှောက်ပြုလုပ်နေတာဖြစ်တယ်။”

ပေါက်တောမြို့မှာ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေကို ကယ်ထုတ်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားကျဆုံးခဲ့ပြီး အာရက္ခစစ်သည်အချို့လည်း အသက်ပေးဆပ်ခဲ့ရတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်အင်အားအလုံးအရင်းနဲ့ ခြေကုပ်ယူထားတဲ့ ပေါက်တောမြို့အား နိုဝင်ဘာ ၂၁ ရက် နေ့လယ်မှာ အေအေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပေါက်တောမြို့တွင်း နေရာအချို့နဲ့ လောကထိပ်ပန် ဘုရားကုန်းတို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပေါက်တောမြို့အတွင်း ကျန်ရှိနေသေးတဲ့  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆက်လက်ချေမှုန်းနေသလို ကျန်ရှိနေသေးတဲ့ ဒေသခံဓားစာခံတွေ အန္တရာယ်ကင်းစွာ လွတ်မြောက်နိုင်ဖို့  AA က ဆက်လက်ကြိုးပမ်းနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ နိုဝင်ဘာ ၂၂ ရက်နေ့တွင်လည်း ပေါက်တောမြို့ကို ရွှေပြည်တန်အမြန်ရေယာဥ် ၂ စီးဖြင့် စစ်ကူ ရောက်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ အေအေတပ်တွေ ဆက်လက်တိုက်ပွဲဖြစ်ပွားနေပြီး နေဗီမှ လက်နက်ကြီးပစ်ကူပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013