
ဧရာဝတီတိုင်း ဟင်္သာခရိုင်၊ လေးမျက်နှာမြို့နယ်မှာ စစ်အာဏာရှင်တပ်က ကန်စွန်းရွက်ခူးနေတဲ့ အရပ်သား တယောက်ကို PDF လို့ စွပ်စွဲ ပစ်သတ်လိုက်တယ်လို့ မြင်တွေ့သိရှိတဲ့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၂၉ ရက်၊ ညနေ ၅ နာရီခွဲလောက်မှာ အင်အား ၂၀ ကျော်လောက်ပါတဲ့ စစ်အာဏာရှင် တပ်ဖွဲ့တွေက လေးမျက်နှာမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းအနီး ရခိုင်ရိုးမအစပ် စက်စက်ယိုကျေးရွာ လယ်ကွင်းအစပ်မှာ ကန်စွန်းရွက်ခူးနေတဲ့ အသက် ၂၇ နှစ်ကျော်အရွယ် အမျိုးသားကို PDF ဆိုပြီး ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။
လေးမျက်နှာမြို့နယ်က ဒေသခံ အရပ်သားတယောက်က “လယ်ကွင်းစပ်နားမှာ ကန်စွန်ရွက်သွား ခူးနေတာ။ စစ်တပ်နဲ့တိုးတာ။ ကြောက်လို့ပြေးတာကို PDF တပ်သားဆိုပြီး ပစ်သတ်သွားတာ။ တခါတည်း သေဆုံးသွားတယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်က ပစ်သတ်တာကြောင့် သေဆုံးသွားတဲ့ အမျိုးသားဟာ စက်စက်ယိုကျေးရွာ အပြင်ဘက်မှာ စစ်ရှောင်နေရတဲ့ ကိုဖြိုးလင်း ဖြစ်ပြီး ချက်စားဖို့အတွက် ကန်စွန်းရွက်ထွက်ခူးရင်း ပစ်သတ်ခံရတာလို့ ဆိုပါတယ်။
စစ်အာဏာရှင်တပ်က ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ လေးမျက်နှာမြို့နယ်ထဲက တော်လှန်ရေးတပ် တွေ မရှိတဲ့နေရာတွေကို ဇွန်လ ပထမအပတ်က စတင်ပြီး စစ်ကြောင်းထိုးကာ အရပ်သားတွေကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးတာ၊ ပစ်ခတ်သတ်ဖြတ်တာ၊ အဓမ္မပြုကျင့်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပုံစာ -လေးမျက်နှာမြို့နယ်ဖြစ်စဉ်ဖြစ်နေတဲ့ရာအနီးက ကန်စွန်းရွက်ခင်း










