
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ နိုဝင်ဘာ ၂၀ ရက် နေ့လယ်ပိုင်းမှာ ဒေသခံပြည်သူ ၄ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။
ကျောက်ဖြူမြို့ တိုးချဲ့ရပ်ကွက်နဲ့ ကုလားဘာရပ်ကွက်မှာ နိုဝင်ဘာ ၂၀ ရက် နေ့လယ် ၁၂ နာရီလောက်က စစ်ကောင်စီတပ်သားနဲ့ ရဲအင်အား ၅၀ လောက်ဝင်ရောက်ပြီး ပြည်သူ ၄ ယောက်ကို ဖမ်းဆီးခဲ့တာလို့ ကျောက်ဖြူမြို့ခံတယောက်က ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ တိုးချဲ့ရပ်ကွက်က အသက် ၅၀ အရွယ် ဦးညီညီ၊အသက် ၅၃ နှစ်အရွယ် ဦးအောင်သန်းစိုး၊ အသက် ၂၈ နှစ်အရွယ် ကိုမောင်ကျော်မြင့်နဲ့ ကုလားဘာကျေးရွာက အသက် ၅၃ နှစ်အရွယ် ဦးကြာစိန်တို့ကို့ နေအိမ်တွေမှာ ဝင်ရောက်ဖမ်းဆီးသွားကြတာလို့ ဆိုပါတယ်။
မြို့ခံ ၄ ယောက်ကို ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာနဲ့ ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာတော့ မသိရသေးပါဘူး။
ကျောက်ဖြူမြို့နယ်မှာ နိုဝင်ဘာ ၁၉ ရက်မှာ စစ်ကောင်စီက ရေကြောင်းသွားလာခွင့် ပိတ်ပင်လိုက်လို့ ဒေသခံပြည်သူတွေ အခက်ခဲနဲ့ ကြုံတွေ့နေရပါတယ်။
ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ဒေသခံပြည်သူ အယောက် ၆၀ ထက်မနည်း အေအေနဲ့ ဆက်စပ်တယ်လို့ သံသယမှုနဲ့ ဖမ်းဆီးခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။










