
တနင်္သာရီတိုင်း မြိတ်ကနေ ကျွန်းစုဘက်သွားတဲ့ ခရီးစဥ်တွေမှာ စစ်ကောင်စီတပ်က လုံခြုံရေး ပိုတင်းကျပ် စစ်ဆေးနေတယ်လို့ ခရီးသွားတွေက ပြောပါတယ်။
မြိတ်ကနေ ကျွန်းစုသွားမယ့် ခရီသွားတွေကို ကျွန်းစုအမြန်ယာဉ်ဆိပ်ကို ရောက်တာနဲ့ မှတ်ပုံတင် စစ်ဆေးပြီး တခြား မြို့ကလာသူဖြစ်ပါက အလုပ်အကိုင်နဲ့ သွားမယ့်နေရပ်ကိုပါ ပြောကြရတယ်လို့ ကျွန်းစုကို သွားမယ့် ခရီးသွားတဦးက ပြောပါတယ်။
“အမြန်ယာဥ်ကမ်းကပ်တာနဲ့ မှတ်ပုံတင် စစ်တယ်။ လာစစ်တဲ့အခါမှာ မှတ်ပုံတင်ပါတဲ့လူတောင်မှ မှတ်ပုံတင်မှာ ၆/ ပေမဲ့ တခြားနေရာတွေက လာတဲ့သူတွေကိုဆို ဘာလာလုပ်တယ်၊ ဘာအတွက် လာတယ်ပေါ့၊ ဘာကိစ္စရှိတယ်တို့ မေးတယ်။ မှတ်ပုံတင်ပါလာသူတွေတောင် အဲဒီလို စစ်တာ။”
စစ်ဆေးတဲ့အခါမှာ အသက်အရွယ်ကြီးသူတွေနဲ့ ပုံမှန်သွားလာတဲ့ ဝန်ထမ်းတွေကိုတော့ မှတ်ပုံတင် စစ်ဆေးတာလောက်ပဲ လုပ်ပြီး လူလတ်ပိုင်း အမျိုးသားတွေကိုသာ အဓိကစစ်ဆေး မေးမြန်းတယ် လို့သိရပြီး ခိုင်မာတဲ့ အထောက်အထားမပြနိုင်တဲ့သူတွေကိုတော့ ဖမ်းဆီးတယ်လို့ ခရီးသွား တဦးက ပြောပါတယ်။
ကျွန်းစု ဒေသခံတစ်ဦးက “အဓိကတော့ အသက် ၂၀ အရွယ်၊ ၃၀ ဝန်းကျင်အရွယ် လူတွေကို စစ်တာ။ မှတ်ပုံတင်မပါတဲ့ သူလိုမျိုး၊ သူတို့ မသင်္ကာတဲ့သူတွေကိုဆို ချက်ချင်း ဒူးထောက်ခိုင်းတာတို့ လက်နောက်ပြန်ကြိုးတုပ်ပြီး ဖမ်းတာတွေ လုပ်တယ်” လို့ ပြောပါတယ်။
အခုလ နိုဝင်ဘာ ၉ ရက်တုန်းက မြိတ်ကနေ ကျွန်းစုဘက်လာတဲ့ ခရီးသည် အမြန်ရေယာဥ်မှာပါတဲ့ လူငယ် ၄ ဦးကို စစ်ကောင်စီ ရေတပ်ကနေ စစ်ဆေးတဲ့အခါမှာ မသင်္ကာလို့ဆိုပြီး ဖမ်းဆီးချုပ်နှောင်ကာ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဒါအပြင် မြိတ်ကနေ ကျွန်းစုခရီးစဥ်သွားကို သွားတဲ့အခါမှာ အမြန်ရေယာဥ် တာဝန်ရှိသူတွေကနေ ကျွန်းစုဘက် မထွက်ခွာခင်မှာ ခရီးစဥ် ရောက်မယ့်အချိန် ကျား၊ မ အရေအတွက်နဲ့ ခရီးသည် ဦးရေတို့ကို ကြိုတင်ပြီး အချက်အလက်တွေ ပို့ပေးထားရတယ်လို့ အမြန်ယာဥ်လုပ်ငန်းနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။
ကျွန်းစု-မြိတ်ခရီးစဥ်တွေမှာ လိုက်ပါစီးနင်းတဲ့ ခရီးသွားတွေမှာလည်း မြိတ်မြို့ ဆိပ်ငယ်တံတားမှာ အခုလိုမျိုး စစ်ဆေးမေးမြန်းခံရတာတွေ ကြုံလာရတယ်လို့လည်း ပြောပါတယ်။
မြိတ်-ကျွန်းစုခရီးစဥ်မှာ ၁ ရက်ကို မနက် တကြိမ်နဲ့ ညနေ တကြိမ်စီ ခရီးစဥ်ပြေးဆွဲနေပြီးတော့ ဒီလိုမျိုး လုံခြုံရေးစစ်ဆေးတင်းကျပ်တာတွေကြောင့် အချိန်ကြန့်ကြာနေရတယ်လို့ ခရီးသွားတွေက ပြောပါတယ်။
မှတ်ပုံတင်စစ်ဆေးတဲ့နေရာက ကျွန်းစုမြို့နယ်တံတားအလွန် မြို့အဝင်နားက ရဲကင်းတခုမှာ ဖြစ်ပြီး စစ်ကောင်စီ ရေတပ်သားတွေနဲ့ ရဲတွေ ပူးပေါင်းစစ်ဆေးမေးမြန်းတာဖြစ်တယ်လို့ ပြောပါတယ်။
ကျွန်းစုမြို့နယ်မှာ စစ်ကောင်စီ ရေတပ်နဲ့ ကျွန်းစုပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ မကြာခဏ တိုက်ပွဲဖြစ်လေ့ရှိပြီး နိုဝင်ဘာ ၁၁ ရက်လောက်က မင်းဂုတ်ကျေးရွာဘက်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးလာစဉ် တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် စစ်ရေးတင်းမာနေပါတယ်။